Saturday, October 13, 2012
0
mt
၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ဥရောပသမဂ္ဂက ဆွတ်ခူးသွားခဲ့ကြောင်း နိုဗယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ သော်ဂျွန်းဂျက်လန်က အော်စလိုတွင်ထုတ်ပြန်ကြေညာသည်။
"သမဂ္ဂနဲ့ သူ့ရဲ့ရှေ့ဆောင်အဖွဲ့အစည်းတွေဟာ ဥရောပမှာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ထွန်းကားစေဖို့အတွက် ဆယ်စုနှစ် ခြောက်ခုကျော်ကြာ ထောက်ပံ့ပေးခဲ့ပါတယ်။ အနှစ် ၇၀ ကျော်အတွင်းမှ ဂျာမနီနဲ့ ပြင်သစ်တို့ စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အခုနေအခါမှာတော့ ဂျာမနီနဲ့ ပြင်သစ် စစ်ဖြစ်ဖို့ဆိုတာတွေးကြည့်လို့တောင်မရတဲ့ ကိစ္စဖြစ်သွားပါပြီ။ ဒါက ဘာကိုပြသလဲဆိုရင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အားထုတ်ခဲ့တာတွေ၊ အပြန်အလှန်ယုံကြည်မှုနဲ့တည်ဆောက်ခဲ့တာတွေကြောင့် သမိုင်းဝင်ရန်ဘက်တွေဟာ ရင်းနှီးတဲ့မိတ်ဖက်တွေဖြစ်လာခဲ့တယ်ဆိုတဲ့ အချက်ပါပဲ" ဟု ကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ သည်။
အကြွေးနွံနစ်နေသော တောင်ပိုင်းနိုင်ငံများနှင့် ချမ်းသာကြွယ်ဝသည့် မြောက်ပိုင်းနိုင်ငံများအကြား ဆယ်စုနှစ်များစွာအတွင်း နက်နက်ရှိုင်းရှိုင်းသဘောကွဲလွဲနေပြီး ဥရောပသမဂ္ဂ၏ညီညွတ်မှုမှာ စိန်ခေါ်ခံ ရသည့်အခြေအနေမျိုးရောက်နေသည့် ယခုကဲ့သို့သောကာလမျိုးတွင် ဆုချီးမြှင့်ခဲ့ခြင်းမှာမူ အံ့အားသင့်စရာဖြစ်ခဲ့သည်။
သို့ရာတွင်ဥရောပသမဂ္ဂသည် လတ်တလောကာလတွင် အကျပ်အတည်းများကြုံတွေ့နေရသော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း အစိတ်စိတ်အမွှာမွှာကွဲနေသည့် နိုင်ငံများအကြား ရာစုနှစ်ဝက်ကျော်ကြာ ကြာမြင့်ပြီဖြစ်သည့် ငြိမ်းချမ်းရေးကိုဖန်တီးရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်ဟု အသိအမှတ်ပြုခံခဲ့ရပြီး ကာလတိုအခြေအနေတစ်ရပ်အတွက်မဟုတ်ဘဲ ကာလရှည်အားထုတ်ခဲ့မှုအတွက် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။
mt1
အခက်အခဲများကြုံနေရသော်လည်း ဥရောပမသမဂ္ဂသည် ကမ္ဘာတွင် အကြီးဆုံးဘုံဈေးကွက်တစ်ခုဖြစ်လာပြီး ကုန်ပစ္စည်း၊ လူ၊ ၀န်ဆောင်မှု၊ အရင်းနှီးများလွတ်လပ်စွာစီးမြောခွင့်ရသည့်ရပ်ဝန်းကြီးအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
တစ်ချိန်က သံကန့်လန့်ကာ၏တစ်ဖက်စီတွင် နေထိုင်ခဲ့ကြသော နိုင်ငံ ၂၇ နိုင်ငံသည် တစ်ပေါင်းတစ်စည်းတည်း ရပ်တည်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနောက် ခံများစွာကွဲလွဲကြသော်လည်း ပူးပေါင်းဆောင်ရွက်ရေးကို အားထုတ်နိုင်ခဲ့ပြီး ၁၇ နိုင်ငံမှာ ယူရိုငွေကြေးကို ဘုံငွေကြေးအဖြစ်သုံးစွဲနေကြသည်။
ယခုနှစ်နိုဗယ်ဆုချီးမြှင့်မှုနှင့် ပတ်သက်သည့်ထူးခြားသည့်အချက်မှာ ဆုကိုချီးမြှင့်ပေးသည့် အိမ်ရှင်နိုင်ငံ နော်ဝေကိုယ်တိုင်မှာမူ ၁၉၇၂ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဥရောသမဂ္ဂသို့ဝင်ရောက်ရေးကို ငြင်းဆန်ပယ်ချခဲ့ဖူးခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်လည်း စစ်တမ်းကောက်ယူမှုများအရ နိုင်ငံသားလေးပုံသုံးပုံသည် သမဂ္ဂ၀င်ရောက်ရေးကို လက်မခံကြဟုသိရသည်။
နော်ေ၀၀န်ကြီးချုပ် ယန်းစတိုလ်တန်ဘာ့ဂ်ျက ဥရောသမဂ္ဂကိုဂုဏ်ပြုခဲ့ပြီး နော်ဝေ၏ဥရောပမသမဂ္ဂသို့ဝင်ရောက်ရန်ရှိမရှိ မေးမြန်းချက်ကိုမူ အစီအစဉ်မရှိကြောင်းဖြေကြားခဲ့သည်။
ဥရောပသမဂ္ဂဥက္ကဋ္ဌ ဗန်ရွမ်ပေ က ဥရောပနိုင်ငံများ၏စစ်ပွဲနှင့် သဘောကွဲလွဲမှုများကို ကျော်လွှားနိုင်ခဲ့ခြင်း၊ ငြိမ်းချမ်းပြီးသာယာဝပြောသည့် တိုက်ကြီးတစ်တိုက်အဖြစ် ဖန်တီးနိုင်ခဲ့ခြင်းဆိုသည့် ပြိုင်ဘက် ကင်းသည့်အားထုတ်မှုကို ယခုဆု က ဂုဏ်ပြုရာရောက်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

0 comments: