Saturday, October 13, 2012
0
တရုတ်ပြည်ဝယ်လိုအား ကျဆင်းနေမှုနှင့် ဈေးကွက်တွင်း မိုးစပါးဝင်ရောက်မှုများ ရှိလာခြင်းကြောင့် ဆန်ဈေးကွက်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ဘုရင့်နောင်ဈေးကွက်တွင်းက သိရှိရသည်။
 
အခုချိန်မှာတော့ အ၀ယ်ကလည်းအရမ်းကို အေးနေတယ်။ နယ်တွေမှာကို အေးနေတာ။ နောက် မြ၀တီဘက်တို့ မူဆယ်ဘက်တို့က ပိတ်ထားတော့ တရုတ်ဘက်က မဆွဲတော့တာ လည်းပါတယ်။ နှစ်ကူးနားနီးတော့ တရုတ်တွေက သိပ်ပြီးတော့ ဈေးမ၀ယ်ကြတော့ဘူးလေဟု ကောင်းမြတ်စံ ပွဲရုံမှ ဒေါ်နွဲ့နွဲ့ရီက ပြောသည်။
 
အောက်တိုဘာလ ပထမပတ်အကုန်မှ စတင်ကာ ဆန်ဈေးကွက်ပြန်လည်ငြိမ်သက်လာပြီးနယ်အမှာဈေးကွက်များ ကျဆင်းကာ ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် (၅၀၀)မှ ကျပ် (၁၅၀၀) အထိ ဈေးနူန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့လျက်ရှိသော ဘုရင့်နောင်ဆန်ဈေးကွက်တွင်း ဧည့်မထ (ရိုး) တစ်အိတ်လျှင် (၁၅၈၀၀) ကျပ်၊ ဧည့်မထ (ရှယ်) တစ်အိတ်လျှင် (၁၆၃၀၀) ကျပ်၊ ပေါ်ဆန်း တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊   ပေါ်ကျွဲတစ်အိတ်လျှင် (၁၇၅၀၀) ကျပ်ဝန်းကျင်ပေါက်ဈေးရှိပြီး အောက်တိုဘာ (၂၀)ရက်အထိ ဈေးနူန်းများထပ်မံ ကျဆင်းနိုင်ကြောင်း ဆန်ပွဲရုံလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

"သီးနှံ အသစ်ပေါ်ချိန်ဆို ဈေးကွက်ကကျတက်တယ်။ အဟောင်းတွေထုတ်ရောင်းအသစ်တွေစုကြ တယ်။ နောက်ပြီး အသစ်ကလည်း ဈေးကွက်ထဲဝင် အဟောင်းထုတ်ရောင်းတာတွေလည်း ဈေးကွက်ထဲ ၀င်ကျတော့ ဈေးကွက်မှာသီးနှံပေါ်ပြီး ဈေးနူန်းပြောင်းအလဲဖြစ်တာပါ"ဟု မြောင်းမြမှ စပါးစိုက်တောင်သူ ဦးလှနိုင်က ပြောသည်။
 
စပါးသစ်ပေါ်ချိန်တွင် လက်ကျန်စပါးများအား ပြန်လည်အစားထိုးသိုလှောင်မူများကြောင့် ဈေးကွက်တွင်း ဆန်ပွဲရုံများမှ သိုလှောင်ဆန်များ ဈေးလျော့ ရောင်းချခြင်းများကြောင့် ဆန်ဈေးနူန်းကျဆင်းလာခြင်းဖြစ်ပြီး အခါကြီးရက်ကြီးများဖြစ်သော သီတင်း ကျွတ်လပြည့် မတိုင်ခင်ဈေးပြန်တက်သွားနိုင်ကြောင်း ဆန်အရောင်းအ၀ယ်လုပ်ကိုင်သူများကလည်း ပြောဆိုကြသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှလည်း စက်တင်ဘာလ (၃) ရက်နေ့မှစတင်ကာ သာမန်ပြည်သူ အများစုစားသုံးသော (၂၅) မှတ် (ဧည့်မထ)ဆန်များကို ဈေးကွက်အတွင်းသို့ နေ့စဉ် အိတ်ရေ (၆၀၀၀) ၀န်းကျင်အထိ ရောင်းချပေးနေခြင်းသည်လည်း ဆန်ဈေးနှုန်း ကျဆင်းလာစေသည့်အချက်တစ်ချက်ဖြစ်ကြောင်း ကိုလည်း ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးချစ်ခိုင်ကဆိုသည်။
 
"အများပြည်သူတွေ သင့်တင့်တဲ့ဈေးနူန်းနဲ့ စားသုံးနိုင်ဖို့ လုံလောက်အောင် ဈေးကွက်တွင်း အရန်ဆန်တွေ ထုတ်ရောင်းသွားမယ်။ ဈေးကွက်တည်ငြိမ်တဲ့အချိန်ထိ အရန်ဆန်တွေကို ထုတ်ရောင်းပေးသွားမယ်"ဟုအဆိုပါပုဂ္ဂိုလ်က ဆက်ပြောသည်။
 
 

0 comments: