Saturday, October 13, 2012
0
img1611
အောက်တိုဘာလ ၁၁ ရက်နေ့က စမ်းချောင်မြို့နယ်ရဲ့စခန်းမှ စစ်ဆေးမှုပြုလုပ်ပြီး ပြန်ထွက်လာသည့် အလုပ်သမားများကို တွေ့ရစဉ်

အောက်တိုဘာလ ၅ ရက်နေ့တွင် တော်ဝင်မိသားစုကုမ္ပဏီ ရုံးချုပ်ရှေ့၌ အလုပ်သမား အခွင့်အရေးများ တောင်းဆိုရန် စောင့်ဆိုင်းနေခဲ့သော အလုပ်သမားများကို စမ်းချောင်းမြို့နယ် ရဲစခန်းမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ပြီး ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါအလုပ်သမားများထံမှ သတင်းရရှိသည်။ ရွှေပြည်သာမြို့နယ်ရှိ တော်ဝင်မိသားစုကုမ္ပဏီ သစ်အချောထည်နှင့် ပရိဘောဂကုမ္ပဏီမှ ၀န်ထမ်းဦးရေ ၃၀၀ ၀န်းကျင်ခန့်က အောက်တိုဘာလ ၅ ရက်နေ့တွင် တော်ဝင်မိသားစု ကုမ္ပဏီရှေ့၌ အချက်ကိုးချက်ပါဝင်သော တောင်းဆိုမှုအား ကုမ္ပဏီမှခွင့်ပြုပေးရန် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါဝင်လှုပ်ရှားခဲ့သည့် ကိုဇင်မျိုးကိုကိုမှ "ကျွန်တော်တို့ကို စမ်းချောင်းရဲစခန်းက တရားမ၀င်ဆန္ဒပြတယ်ဆိုပြီးတော့ အမှုဖွင့်ထားတယ်။ ပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အလုပ်သမား ခုနှစ်ဦးကို ခေါ်ပြီးစစ်ခဲ့ပါတယ်။ ကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ ဆန္ဒဖော်ထုတ်တာမဟုတ်ပါဘူး။ ဖြစ်နေတဲ့အခက်အခဲတွေကိုပြေလည်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို သဘောတူပေးဖို့ သွားပြီးတောင်းဆိုတာပါ။ ကုမ္ပဏီက တာဝန်ရှိသူတွေက တွေ့ခွင့်မပေးတဲ့အတွက် ကုမ္ပဏီအရှေ့မှာထိုင်ပြီး စောင့်နေတာပါ။ ဒါကိုသက်ဆိုင်ရာက တရားမ၀င်ဆန္ဒပြတယ်ဆိုပြီးတော့ အရေးယူထားတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး"ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ ဦးကိုကိုထွေးက "အခုတောင်းဆိုခဲ့တဲ့ အလုပ်သမားတွေနဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ဥပဒေနဲ့အညီ တောင်းဆိုမယ်ဆိုရင် ကျွန်တော့်အနေနဲ့ လိုက်လျောပေးသွားမှာပါ။ သူတို့ကို ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အရေးယူဖို့ဆောင်ရွက်ထားခြင်း မရှိပါဘူး"ဟု ပြောကြားခဲ့သည်။
စမ်းချောင်းမြို့နယ်ရဲစခန်းက ဦးဆောင်ပါဝင်ခဲ့သူ အလုပ်သမားခုနှစ်ဦးကို ဆန္ဒပြခဲ့သည်ဟု ခေါ်ယူစစ်ဆေးခဲ့သည့်အပြင် အဆိုပါအမှုနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးမည့် အကြိမ်တိုင်းတွင် မပျက်မကွက်လာရောက်ရမည်ဟု ခံဝန်ချက်လက်မှတ်ရေးထိုးခဲ့ရကြောင်း ကိုယ်တိုင်အစစ်ဆေးခံခဲ့ရသူ အလုပ်သမားတစ်ဦးမှ ပြောကြားခဲ့သည်။
ရွှေပြည်သာမြို့နယ်ရှိ တော်ဝင်မိသားစုကုမ္ပဏီ သစ်အချောထည်နှင့် ပရိဘောဂကုမ္ပဏီမှ ၀န်ထမ်းများက တောင်းဆိုခဲ့သည့် အချက်အချို့မှာ စက်ရုံအတွင်း အလုပ်သမားများအား ခွဲခြားဆက်ဆံနေကြသဖြင့် အလုပ်သမားအားလုံး၏ ဆန္ဒအရ တန်းတူအခွင့်အရေးပေးရန်နှင့် တန်းတူညီတူ ဆက်ဆံကြရန်၊ ယခုလက်ရှိ လုပ်ကိုင်နေသော ၀ါးတစ်ရာတော်ဝင်စက်ရုံမှ အလုပ်သမားအားလုံးအား စက်ရုံအလုပ်သမားများအဖြစ် သတ်မှတ်ပေးရန်၊ အလုပ်သမားများအား ဖယ်ရီကားများ စီစဉ်ပေးရန်၊ သို့မဟုတ် ခရီးစရိတ်ပေးရန်၊ စက်ရုံမှ ၀န်ထမ်းများ၏စက်ဘီးများ ပျောက်ပါက တာဝန်မယူနိုင်လျှင် စက်ဘီးထားရန် နေရာဆောက်ပေးရန် စသည့်အချက်အလက်များ ဖြစ်ကြောင်း သိရသည်။

0 comments: