Saturday, October 13, 2012
0
ဒုတိယအကြိမ် အာရှစီးပွားဖြစ် စိုက်ပျိုးရေးအစည်းအဝေးတွင် ဆွေးနွေးမည့် မြေလွတ်မြေရိုင်း နည်းဥပဒေနှင့်ပတ်သက်၍  ၄င်းဆွေးနွေးပွဲပြုလုပ်သည့် Park Royal Hotel ရှေ့၌ တစ်သီးပုဂ္ဂလ ဦးဝင်းချိုက နည်းဥပဒေရေးဆွဲသင့်သည့် အချိန်မဟုတ်သေးကြောင်း တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။
 
 ယခုလက်ရှိတွင် မြေလွတ်မြေရိုင်းဥပဒေနှင့်နည်းဥပဒေကြောင့် နောက်တဆင့်တိုးလာသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုဥပဒေ၊ ရပ်ကျေးဥပဒေ အဆိုပါ ဥပဒေ(၃)ခုပေါင်းလိုက်ရာ၌ နိုင်ငံတွင်း အဂတိလိုက်စားမှု မပျောက်သေးသည့် အချိန်တွင် မဖြစ်သင့်သည်များ ဖြစ်လာရခြင်းဖြစ်သည်ဟု ဦးဝင်းချိုက ဆိုသည်။

“နိုင်ငံသားတွေက မသိသေးတဲ့အချိန်မှာ အဲဒါကို အခွင့်ကောင်းယူပြီးတော့ နားလှည်ပါးရိုက်တဲ့ ကိစ္စတွေ ဖြစ်လာတယ်။ အကယ်၍များ ဒီဥပဒေနဲ့ နည်းဥပဒေကို နိုင်ငံသားတွေကသာ မှန်မှန် ကန်ကန်လည်း သဘောပေါက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့် အရေးကို နားလည် အသုံးပြုတတ်ပြီဆိုရင် သိပ်ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပါဘူး။ ဒီဥပဒေတွေကို ကန့်ကွက်တာ မဟုတ်ပါဘူး။  ဒီအချိန်ကာလ မဖြစ်သင့်ဘူးလို့ ပြောတာ။”ဟု တကိုယ်တော် ဆန္ဒပြသူ ဦးဝင်းချိုက  မီဒီယာများအား တွေ့ဆုံပြောကြားသည်။
 
 မြေလွတ်မြေရိုင်းပင်မဥပဒေနှင့်နည်းဥပဒေတွင် မည်သည်က အားနည်းသည်ဆိုခြင်းထက် ပြည်သူများ ၏အသိဥာဏ် အားနည်းနေခြင်းသာဖြစ်ကြောင်း ပင်မဥပဒေအား ပြည်သူများ လေ့လာနိုင်စွမ်း မရှိ သေးကြောင်း နည်းဥပဒေသည် ပင်မဥပဒေအား ထိခိုက်ချိုးဖောက်နေသည်ကိုလည်း ပြည်သူများ က ပြောဆိုနိုင်စွမ်းမရှိသေးကြောင်း ဦးဝင်းချိုက သုံးသပ်သည်။

အဆိုပါ ဆန္ဒပြမှုအား အောက်တိုဘာလ(၁၂)ရက်နေ့ Park Royal Hotel ရှေ့၌ ဦးဝင်းချိုက တစ်ကိုယ် တော်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အချိန်အားဖြင့် (၁း၀၀)နာရီခန့် ကြာမြင့်ကာ  ဆန္ဒပြနေရာသို့ မြို့နယ်မှူးမှ လာရောက် တားဆီးခဲ့ကြောင်းကိုလည်း သိရသည်။

 “ကျွန်တော် ခွင့်ပြုချက်ယူမထားဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၅၄)မှာ နိုင်ငံသားတွေကို ဒီအခွင့်အရေးကို ခွင့်ပြုထားပါတယ်။ ခွင့်ပြုထားပြီးသားကို ရဲစခန်းက မြို့နယ်မှူးတစ်ယောက်က ကျွန်တော် ခွင့်မပြုဘူးလို့ ပြောတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့ ဥပဒေတွေကို ဖျက်ဆီးလို့ ရပါသလား။” ဟု  မြို့နယ်မှူးသို့ ပြောသည့်စကားအား ဦးဝင်းချိုက ပြန်လည်ပြောကြားခဲ့သည်။

0 comments: