Wednesday, October 10, 2012
0
မော်လ်ဒိုက်ဗ် နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များသည် သမ္မတဟောင်း မိုဟာမက် နရှီးဒ်၏ နေအိမ်ကို စီးနင်းကာ သမ္မတဟောင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရဲများသည် တနင်္လာနေ့က နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ နည်းလမ်းအရ ရွေးချယ်တင်မြှောက်ခြင်း ခံရသော သမ္မတ၏ နေအိမ်ကို ဝန်းရံပိတ်ဆို့ ဖမ်းဆီးခဲ့သည်။ နရှီးဒ်သည် သမ္မတ တာဝန်ကို ထမ်းဆောင်နေစဉ် အာဏာ အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများအတွက် တရားရုံး ဆင့်ခေါ်မှုကို ငြင်းဆိုသည့်နောက် ရဲများက ဖမ်းဆီးခဲ့ခြင်းဟု ၎င်း၏ နိုင်ငံရေး ပါတီက ပြောကြားခဲ့သည်။ အဓိကရုဏ်း နှိမ်နင်းရေး အခြေအနေမျိုး လက်နက် တပ်ဆင်ထားသော ရဲများသည် ဖာရက်စ် မာသိုဒါ ကျွန်းပေါ်ရှိ နရှီးဒ်၏ အိမ်တွင် သမ္မတကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။



အဆိုပါ ကျွန်းလေးသည် မော်လ်ဒိုက်ဗ် ကျွန်းစုများ၏ တောင်ပိုင်းတွင် တည်ရှိပြီး လှပသော နေရာလေးဖြစ်ရာ ဟန်းနီးမွန်းနှင့် အပန်းဖြေခရီး ထွက်လာသူများကြား ရေပန်းစား နာမည်ကျော်လျှက် ရှိသည်။ ထို့အပြင် နိုင်ငံအတွင်းမှ အလွန်ချမ်းသာ ကြွယ်ဝသူများနှင့် ကျော်ကြားထင်ရှားသူများလည်း နေထိုင်ကြသည်။ မော်လ်ဒိုက်ဗ်၏ ဒီမိုကရေစီ စနစ်ကို အင်နှင့်အားနှင့် ထောက်ပံ့နေသော အမေရိကန် ပြည်ထောင်စုက ယခုကိစ္စကြောင့် နိုင်ငံရေး အမြင်ကွဲလွဲမှု မဖြစ်စေရန်နှင့် အေးချမ်းစွာ ဖြေရှင်းရန် နိုင်ငံ၏ ဆန့်ကျင်ဘက် နိုင်ငံရေး အင်အားစုများကို တိုက်တွန်းထားသည်။



သို့သော်လည်း ယခုဖမ်းဆီးမှုတွင် အမေရိကန် ပါဝင် ဆက်နွယ်နေသည် ဆိုသော သတင်းကိုမူ အမေရိကန် သံရုံးက ငြင်းဆိုထားသည်။ သမ္မတဟောင်း နရှီးဒ်သည် အာဏာသိမ်းခံရမည့် အခြေအနေမျိုးကြောင့် ဖေဖော်ဝါရီလက ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်း၏ အမှုထမ်း အရာရှိ (၁၂)ဦးမျှနှင့်အတူ မြို့တော် မယ်လီကို စွန့်ခွာသွားခဲ့သည်။ လက်ရှိ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ မာဆွတ်အီမာ့ဒ်က နရှီးဒ်ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး "ရဲတွေက သူ့တာဝန် သူလုပ်တာပါ။ အင်အားသုံးခဲ့တာမျိုးလည်း မရှိပါဘူး။ သူ့ကို နိုင်ငံရဲ့ သမ္မတဟောင်း တစ်ယောက်အနေနဲ့ လေးလေးစားစား ဆက်ဆံခဲ့ပါတယ်"ဟု AFPသတင်းဌာနသို့ ပြောကြားသွားသည်။ နရှီးဒ်သည် တရားရုံး ဆင့်ခေါ်မှု (၂)ကြိမ်ကို မျက်ကွယ်ပြုခဲ့သည့်နောက် ဒေသဆိုင်ရာ တရားရုံး တစ်ခုက တနင်္ဂနွေနေ့က နရှီးဒ်အား ဖမ်းဆီးရန် ရဲတပ်ဖွဲ့ကို အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

0 comments: