Thursday, October 11, 2012
0
ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများအား တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံအစိုးရ စာစစ်ဌာနတွင် ယခုနှစ်မှ စတင်၍ ဖြေဆိုခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ “နယ်စပ်က ပညာရေးဖောင်ဒေးရှင်း တစ်ခုက လှမ်းချိတ်လို့ ဒီနှစ်ကစပြီး ပထမဆုံးအနေနဲ့ ခွင့်ပြုသွားမှာပါ။ အရင်တုန်းက ဒီလို လုပ်မပေးဖူးဘူး။ သူတို့က မြဝတီ စာစစ်ဌာနက ဝင်ဖြေကြမှာပါ” ဟု ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးချစ်လှိုင်က ပြောကြားသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ရွှေ့ပြောင်းလုပ်သားများ၏ ကျောင်းနေအရွယ် ကလေးငယ်များ ပညာရေးနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနေသည့် မြန်မာပြောင်းရွှေ့လုပ်သားများ ပညာရေးကော်မတီက ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထိုင်း-မြန်မာ နယ်စပ်ရှိ ကျောင်းသူ၊ ကျောင်းသား ၇၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး၊ လာမည့် နှစ်မှစတင်ကာ ပြည်တွင်း၌ ပြန်လည်သင်ကြားလိုသော ကလေးငယ်များကို ညှိနှိုင်းလက်ခံ ပေးသွားမည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ “သူတို့ကိုဒီမှာ ကျောင်းတက်ခွင့် ပေးသွားမယ်။ ဟိုက လေးတန်းအောင်လာတဲ့ ကလေးကို ဒီမှာငါးတန်း တန်းပြီးတက်လို့ရအောင် ညှိနှိုင်းပေးမယ်။ အရည်အချင်း ပြန်စစ်တာတွေ မလုပ်တော့ဘူး။ ပြန်စစ်နေရင် ဟိုမှာသင်ခဲ့ရတာတွေကို အယုံအကြည်မရှိ လို့လားလို့ အထင်လွဲနိုင်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့် ပြည်တွင်းသို့ ပြန်လည်ဝင်ရဖွယ်ရှိကြောင်း ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ယခုလ တတိယပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာဘက်၌ မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နေရာထိုင်ခင်းများ စီစဉ်ပေးနေပြီဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: