Thursday, October 11, 2012
0
အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်ရှိ ဘဏ်တစ်ခုတွင် အသက် ၅ဝ အရွယ်ရှိ Jeffrey McMullen အမည်ရသည့် အမျိုးသားကြီးတစ်ဦးသည် ထောင်နန်းစံလိုမှုကြောင့် ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း ယင်းပြည်နယ်မှ ရဲများ၏ ထုတ်ဖော်ပြောပြ ချက် အရ သိရှိရသည်။
ဖြစ်ပွားပုံမှာ Jeffrey McMullen သည် AmeriServ ဘဏ်ရှိ ဘဏ်ငွေကိုင် (Teller) နှစ်ဦးအား သူ့ကို ငွေထုတ်ပေးရန် တောင်းဆို သည့် စာရွက်နှင့် အခြားစာရွက်တစ်ရွက်တို့ကို ထုတ်ပြ၍ ဓားပြတိုက်ခဲ့ကြောင်း၊ ဘဏ်ငွေကိုင် နှစ်ဦးကမူ Jeffrey အား မျက်မှန်း တန်းမိသူ တစ်ဦးဖြစ်သည့် အားလျော်စွာ သူတို့နှစ်ဦးအား နောက်ပြောင်နေသည်ဟု ထင်မှတ်ခဲ့ရာ Jeffrey က နောက်ပြောင်ခြင်း မဟုတ်ကြောင်း၊ အမှန်တကယ် ဓားပြတိုက်နေခြင်းဖြစ်ကြောင်း အထပ်ထပ်အခါခါ ပြောခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။ (Jeffrey ဓားပြတိုက် တောင်းဆိုသည့် ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာသာ ဖြစ်သည်။)
Jeffrey ၏ ပထမစာရွက်တွင် - "ဖက်ဒရယ် ဘဏ် ဓားပြတိုက်မှု၊ ကျေးဇူးပြု၍ တစ်ဒေါ်လာထုတ်ပေးပါ။" ဟူ၍လည်းကောင်း၊ အခြား စာရွက်တစ်ခုပေါ်တွင် - "FBI အချုပ်ခန်း။ Loretto Pa. (ယင်းမြို့အနီးရှိ) ထောင်ကို ကိုအလိုရှိ။ မီဒီယာ မပါ။ စာရွက်စာ တမ်းအားလုံး ချိပ်ပိတ်" ဟူ၍လည်းကောင်း ရေးသားထားခဲ့သည်။ အထက်ပါအဆိုအရ Jeffrey သည် ဘဏ်ကို ငွေ ၁ ဒေါ်လာ တည်းရလိုမှုဖြင့် ဓားပြတိုက်၍ ယင်းမြို့အနီးရှိ ဗဟိုအစိုးရ ထောင်ကြီးတွင် ထောင်နန်းစံလိုကြောင်း သိရသည်။
လက်ရှိအချိန်တွင် Jeffrey သည် တရားသူကြီး၏ ပဏာမ ကြားနာစစ်ဆေးမှုကို ခံယူရန် စောင့်ဆိုင်းနေပြီး၊ စိတ်ပိုင်းဆိုင်ရာ ဆေး ကုသ မှုခံယူ ရမည်ဖြစ်သည်။
ဤဖြစ်ရပ်နှင့် စပ်လျဉ်း၍ ဆက်စပ်တင်ပြရသော် အခြား အသေးစား ဘဏ်ဓားပြတိုက်မှုများလည်း ရှိခဲ့ဖူးရာ ယခုအကြိမ်သည် ပထမ အကြိမ်တော့မဟုတ်ပေ။ လွန်ခဲ့သည့် လပိုင်းအနည်းငယ်ကလည်း ဥက္ကလာဟိုးမား ပြည်နယ်ရှိ ၄၁ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် ဘဏ်တစ်ခုတွင် ဓားပြတိုက်ပြီး ရဲအဖမ်းခံရစဉ် မိမိသည် ဗဟိုအစိုးရ ထောင်ကြီးတွင် ထောင်နန်းစံလိုကြောင်း ရဲများ ကိုပြောကြားခဲ့သည်။ ဤဖြစ်ရပ်နှင့် မရှေးမနှောင်းမှာပင် အသက်၂၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည်လည်း ဘဏ်ကို ဓားပြ တိုက်၍ ရဲများအလာကို စောင့်ဆိုင်းနေကာ အဖမ်းခံပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှုခံယူသည့် နေရာသို့ ပို့ဆောင်ပေးရန်-တောင်းဆိုခဲ့ကြောင်း သိရသည်။ အလားတူ ဂျော်ဂျီယာပြည်နယ်မှ အိုးမဲ့အိမ်မဲ့ တစ်ဦးသည် အသားညှပ်ပေါင်မုန့်နှင့် ဖျော်ရည် တို့သောက်သုံးရရန် ရည်ရွယ်၍ တရားရုံးတစ်ရုံး၏ မှန်တံခါးကို အုတ်ခဲဖြင့် ပစ်ပေါက်ခွဲခဲ့သည်။
အမေရိကန်ပြည်ထောင်စုရှိ ထောင်များ၏ ထောင်သားများသည် နေ့စဉ် နံနက်စာ၊ နေ့လည်စာ နှင့် ညစာ တို့အပြင် အခြားအခွင့် အရေးများတွင် အဓိက ခရာကျသော သာမန်လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားများ ရရှိရန် အခွင့်အရေးနည်းပါးသည့် ကျန်းမာရေး စစ်ဆေးကုသခံယူမှု ကိုလည်း ရရှိခံစား စံစားကြရသည်ဖြစ်ရာ သာမန်လူလတ်တန်းစားနှင့် အောက်ခြေလူ တန်းစား တို့အဖို့ ယင်းအချက်သည် စွဲဆောင်မှုများဖြင့် ပြည့်နှက်နေမှုကြောင့် အလုပ်ကြမ်းမလုပ်ရသည့် အချုပ်ခန်းထဲတွင် ထောင်နန်းစံလို ကြခြင်းဖြစ်သည်။

0 comments: