Wednesday, October 10, 2012
0

မြန်မာနိုင်ငံတွင်ကျင့်သုံးမည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ၌ အမြန်နှုန်းကိုမကြည့်ပဲ အမှန်နှုန်းကိုသာ ကြည့်ရှုရန် လိုအပ်ကြောင်းနှင့် လူငယ်အလုပ်အကိုင်ရရှိရေးဖန်တီးပေးမည့် ရင်းနှီးမြုပ်နှံမှုများလည်း လိုလားကြောင်းအမေရိကန်ခရီးစဉ်သတင်း စာ ရှင်းလင်းပွဲ၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။   
ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ အမြန်နှုန်းကို မကြည့်ပဲ အမှန်နှုန်းကို ကြည့်ဖို့လိုပါတယ်။ ရသမျှ ယူမယ်ဆိုပြီး လုပ်ရင် အမှားတွေ   ဖြစ်နိုင်တယ်။ ဒါ့ကြောင့် စဉ်းစားပြီး လုပ်သင့်တယ်။ ပြီးတော့ လာမယ့်ရင်းနှီးမြုပ်နှံမှုတွေက အလုပ်အကိုင်ရရှိရေးတွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုမျိုးဆို ပိုကောင်းပါတယ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။     
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမူကြမ်းအား မြန်မာနိုင်ငံတွင် စီပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးသမားများ အနေဖြင့် ကြိုက်နှစ်သက်ခြင်း မရှိကြောင်း၊လွှတ်တော်မှာ  ၄င်းထင်ထားသည်ထက် ဒီမို ကရေစီပိုကျသည့် အတွက် ရင်းနှီးမြှပ်နှံမှုဥပဒေနှင့်ပတ်သက်၍ ပြုပြင်သင့်သည့်အချက်များအား ပြုပြင်နိုင်လိမ့် မည်ဟု ၄င်းက ပြောကြားခဲ့သည်။
 မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေမှုကြမ်းကို နိုင်ငံတော်သမ္မတမှလွှတ်တော်ဆီ ပြန်ချပေးနေချိန်တွင် အဆိုပါ ဥပဒေ၌ပါဝင်သည့် ကန့်သတ်ချက်များမှာများပြားနေခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင် အချို့က အဆိုပါဥပဒေအား အားရမှုမရှိကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ဥပဒေရေးဆွဲနေဆဲဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်းလုပ်ငန်းရှင် များအကြား  ရေရှည်အကျိုးဖြစ် ထွန်းနိုင်ရန် နိုင်ငံတော်မှ သင့်တော်သလိုဆောင်ရွက် ပေးသင့် ကြောင်း စီးပွားရေးပညာရှင်အချို့က အကြံပြုသည်။
အဆိုပါ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲအား ၂၀၁၂ခုနှစ်၊အောက်တိုဘာ(၈)ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်း၌ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမေရိကန်ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံခြင်းနှင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်အခြေအနေများအား ရှင်းပြရန်အတွက် သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း  ရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ 
  ကမ္ဘာမှာ မြန်မာနိုင်ငံကို စေတနာနဲ့ ကူညီချင်ကြသူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် စေတနာနဲ့ လာ တာလား၊ အကျိုးလိုလို့လာတာလားဆိုတာကို ခွဲခြားမြင်ဖို့လိုတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ တကယ့်အဖြစ်ကို ခွဲခြားမြင်ရမယ်။ အခုအချိန်ဟာ ဒီမိုကရေစီလမ်းကို စဆောက်ကာလဖြစ်နေပြီး အခြေခံမှားရင် ဒုက္ခရောက်ကြ မယ်။ အခြေခံမှန်ဆောက်တည်ဖို့ အခက်ခဲဆုံးကာလဖြစ်ပါတယ်။ ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများတွင် လူငယ်များအတွက် အခွင့်အလမ်းများရှိသင့်ကြောင်း၊ ပညာရေးနှင့်ပတ်သက် ၍လည်း  ရန်ကုန်တက္ကသိုလ်ကဲ့သို့ ပညာရေးအဆင့်မှီ တက္ကသိုလ်များတစ်ခုမက ရှိသင့်ကြောင်းနှင့် လက်ရှိတွင် အခြေခံကျောင်းများ၊ အဆင့်မြင့်ကျောင်းများအပြင် အသက်မွေးကျောင်းများ၊ ကျောင်းပြင်ပကျောင်းများ အဖြစ် ပညာရေးအဆင့်မြင့်အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန်လိုအပ်နေကြောင်းကိုလည်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။

0 comments: