Tuesday, November 06, 2012
0
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရာဘာဈေးကွက်တွင်း တစ်ပေါင်လျှင် ကျပ် (၅၀၀) ၀န်းကျင် ကျဆင်း နေသော်လည်း အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း ဒေသခံလုပ်ငန်းရှင်များထံက သိရှိရသည်။
 
 
" ဒီနှစ်က ဈေးကျသွားတယ်။ တစ်ပေါင်ကို (၅၀၀)လောက်ကျတယ်ဆိုရင် ပေါင်(၁၀၀) ဆိုရင် (၅)သောင်း လောက် နစ်နာ မှုတွေရှိတယ်။ ဒီနှစ်က အထွက်လည်းနဲတယ်။ မရောင်းပြန်ရင်လည်း အလုပ်သမားခတွေ ရှင်းရမှာဆိုတော့ ဒီလိုပဲ ရှုံးလည်း ကြိတ်မှိတ်ပြီး ရောင်းချနေရတယ်" ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ရာဘာစိုက်ပျိုးသူ ဒေါ်သီတာက ပြောသည်။   
 
   
 
လက်ရှိ ရော်ဘာဈေးကွက်တွင် အမျိုးအစားပေါ်မူတည်၍ ကျပ် (၁၀၀၀)မှ ကျပ် (၂၀၀၀) ၀န်းကျင် အသီးသီး ဈေးကွက်ရှိပြီး ယခင်နှစ် ရော်ဘာအစေးခြစ်ရာသီထက် တစ်ပေါင်လျှင် ကျပ် (၅၀၀) ၀န်းကျင်ခန့် ဈေးနူန်းများ ကျဆင်းနေကြောင်း ရော်ဘာစိုက်ပျိုးလုပ်ငန်းရှင်တို့က ဆိုသည်။
 
 
"အရင်နှစ်က မိုးအကုန် ရော်ဘာရာသီပဲ၊ ပြောပါတော့ ရော်ဘာခြစ်ချိန်ဆိုရင် တစ်ပေါင်ကို ကျပ် ၁၇၀၀ လောက်ရတယ်။ အခုက ၁၂၀၀ တောင် မပေးချင်ကြဘူး။ မပေးပေမယ့်လည်း အရောင်း အ၀ယ်တော့ ဖြစ်နေကြတာပဲ"ဟု ရွှေဝါချောင်ကျေးရွာမှ ရာဘာစိုက်တောင်သူ ဦးကြီးက ပြောသည်။
 
 
ရော်ဘာလုပ်ငန်းရှင်များအနေဖြင့်မိုးတွင်းကာလ ရော်ဘာလုပ်ငန်းများရပ်နားထားချိန်တွင် ဈေး ကောင်းရရှိခဲ့   ခြင်းများကြောင့် ယခု ရော်ဘာချိန်တွင် ဈေးကောင်းရနိုင်သည်ဟု ခန့်မှန်းချက် များ ရှိခဲ့ကြသည်။
 
 
ရော်ဘာလုပ်ငန်းများ ရပ်နားခဲ့ချိန် ပြီးခဲ့သည့် မိုးတွင်ကာလတွင် ရော်ဘာခြစ်ပြား အမျိုးအစား ပေါ်မူတည်၍ တစ်ပေါင်လျှင် ကျပ် ၁၆၀၀ ၀န်းကျင်ဈေးရခဲ့ကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံတွင် ရော်ဘာလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် စိုက်ပျိုး လုပ်ကိုင်လာကြပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များ၌ စိုက်ပျိုးအများဆုံးဖြစ်ပြီး ပြည်ပ နိုင်ငံများသို့ တင်ပို့ ရောင်းချလျှက်ရှိသည်။
 

0 comments: