Monday, August 12, 2013
0


အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ အသွင်အပြင်၊ ရာထူး အဆင့်အတန်းကို ဖော်ပြဖို့ အကောင်းဆုံး အဆင်တန်ဆာ ဖြစ်ပါတယ်။ ဝန်ထမ်း၊ စစ်သား၊ ကျောင်းသား၊ ဘုရားသားတော် အစရှိသဖြင့် သူ့ ယူနီဖောင်း (ဝတ်စုံ) နဲ့သူ ရှိသင့်ပါတယ်။


ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ ကျောင်းသားတိုင်း ယူနီဖောင်း ဝတ်ရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျောင်း ဝတ်စုံ ဝတ်မလာတဲ့ ကျောင်းသားတွေကို ရဲတွေက အရေးယူပါတယ်။ ဆံပင်က အစ ကျောင်းသားပုံစံ မပေါက်ရင် ရဲတွေက ကျောင်းအုပ်ကြီးထံ ခေါ်လာပြီး ဆံပင်ညှပ်ပေးဖို့ တောင်းဆိုတတ်ပါတယ်။ သူတို့ အလေးထားတာက ကျောင်းသားဟာ ကျောင်းသားနဲ့ တူရမယ်ဆိုသလို သူတို့ရဲတွေကလည်း ရဲနဲ့ တူအောင် ယူနီဖောင်းကို စမတ်ကျကျ ဝတ်ဆင်တတ်ပါတယ်။

ကျောင်းဆိုတာ အားလုံးတစ်ပြေးညီ ပညာသင်ကြားရာဌာနကြီး တစ်ခုဖြစ်လို့ အဆင့်အတန်းဆိုတာ ကင်းပျောက်တဲ့ နေရာတစ်နေရာ ဖြစ်ရပါလိမ့်မယ်။ ယူနီဖောင်း မဝတ်နဲ့ဆိုရင် ဂုဏ်တု ဂုဏ်ပြိုင် ဝတ်ဆင် မှုတွေနဲ့ ပညာမပြိုင်တော့ဘဲ အဝတ်အစားပြိုင်ကြတဲ့ ဆိုးကျိုးက ပိုပြီး ကြီးထွား သွားလိမ့်မယ် ထင်ပါတယ်။

ကျောင်း ယူနီဖောင်း ဝတ်လာပြီး ကျောင်းကိုလာတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ကျောင်းသားဆိုတဲ့ အသိ တရားကို အမြဲတပ်လှန့်နေသလိုလည်း ဖြစ်နိုင်ပါတယ်။ ကြောင်ကြောင်ကျားကျား မဝတ်စားတော့ လူ တိုင်း လေးစားမှုကိုလည်း ရနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ကျောင်းသားလေးတွေ တန်းစီလာရင် ရဲတွေက ပြုံးရွှင်စွာ ခရီးဦးကြို ပြုတတ်ပါတယ်။ လမ်းတွေကိုလည်း ရှင်းပေးတယ်။ လမ်းကူးဖို့လည်း စီစဉ်ပေးတယ် ။ ကျောင်းဆရာတွေကို တွေ့ရင်လည်း စစ်သားတစ်ယောက်ကို တွေ့သလို ကျကျနနသတိဆွဲပြီး အလေးပြုတတ်တယ်။ ဒီနေရာမှာ ကျောင်းဆရာက ကျောင်းဆရာပုံစံ ဝတ်စားမလာရင် ဘယ်သူက လေး စားမှာလဲ။

အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦးကတော့ ယူနီဖောင်းဆိုတာ ကိုယ့်အလုပ်အပေါ် ကိုယ် သစ္စာ စောင့် သိကြောင်း၊ ငါ ဘယ်သူဆိုတာကို ဂုဏ်ယူစွာ ဖော်ကျူးပြနိုင်တဲ့ အမှတ်လက္ခဏာ ဖြစ်ကြောင်း ပြောဆိုတဲ့ စကားကလည်း မှတ်သားစရာ ကောင်းပါတယ်။

ကျွန်တော် ဒီလိုပြောလို့ ရိုးရာတွေ၊ အစဉ်အလာတွေနဲ့ မရောထွေးစေ လိုပါဘူး။ ရိုးရာဆိုလို့ မြန်မာ့ နည်း မြန်မာ့ဟန် တောင်ရှည် ဝတ်ပြီး ခေါင်းပေါင်းလာဖို့ ပြောတာ မဟုတ်ဘူး။ ဒီခေတ်မှာ တောင်ရှည်နဲ့ ဘတ်စ်ကားစီးဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ယူနီဖောင်းလို့ သတ်မှတ်တဲ့သူတွေက လည်း ခေတ် နဲ့ လျော်ညီတဲ့ ယူနီဖောင်းမျိုး၊ လူငယ် လူကြီး ကြိုက်နိုင်တဲ့ အရောင်အသွေး အဆင်အပြင်မျိုး၊ နိုင်ငံတကာ စံနဲ့ ညီတဲ့ ဝတ်စား ဆင်ယင်မှုမျိုးကို သတ်မှတ် ပြဋ္ဌာန်းပေးဖို့ လိုတယ်။

ကိုယ်က လူကြီးဖြစ်နေလို့ ဘောင်းဘီ ဝတ်တာ မကြိုက်ဘူးဆိုပြီး ပုဆိုး ဝတ်ခိုင်းတာမျိုး၊ အရောင် ကလည်း ငါကြိုက်တာ ငါရွေးမယ်ဆိုပြီး ယောဂီရောင် ဝတ်ခိုင်းရင် ဘုရားသွား ကျောင်းတက်တာ မဟုတ်တဲ့ အတွက် ဘယ်ကျောင်းသားကမှ နှစ်ခြိုက် သဘောတွေ့နိုင်စရာ အကြောင်း မရှိပါဘူး။ သူ့ဘက် ကိုယ့်ဘက်၊ လူကြီးဘက်၊ လူငယ်ဘက် မျှတစွာ စဉ်းစားပေးဖို့လည်း လိုပါလိမ့်မယ်။

အခြေခံပညာ ကျောင်းတွေမှာ ကျောင်းဝတ်စုံကို အစိမ်းနဲ့ အဖြူလို့ သတ်မှတ်ခဲ့တာ နှစ်တွေ ကြာသွားပြီ။ ကျွန်တော်တို့ ငယ်စဉ်က ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေမှာ နေခဲ့ရတော့ ကျောင်းအလိုက် ဝတ်စုံ အရောင်တွေကို ခွဲထားတယ်။ တန်းမြင့်ကျောင်းဆိုရင် အပြာနဲ့ အဖြူ၊ အမျိုးသားကျောင်းဆိုရင် အနီနဲ့ အဖြူဆိုပြီး ခွဲထားတော့ ကြည့်လိုက်တာနဲ့ ဘယ်ကျောင်းက ကျောင်းသားဆိုတာ တန်းသိတယ်။

ဒီခေတ်မှာတော့ ကျောင်းသားမှန်ရင် အဖြူနဲ့အစိမ်းဆိုတာကို ကျောင်းဝတ်စုံလို့ သတ်မှတ်ခဲ့ ပါတယ် ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ပေါ်လာချိန်မှာ သူတို့ကလည်း အဖြူနဲ့ အစိမ်း ဝတ်စုံ လိုက်လုပ်တော့ဇာတ်လမ်းကရှုပ်ကုန်တယ်။ပါတီလား၊ကျောင်းဆရာ၊ဆရာမလားမကွဲပြားအောင် ရောထွေး လိုက်တာလို့ ထင်ရတယ်။ ဒါကြောင့် ဝတ်စုံဆိုတာ တစ်ဖွဲ့အတွက် ကိုယ်စားပြုပြီးရင် နောက်တစ်ဖွဲ့က အဲဒီအဖွဲ့လို လိုက်ပြီး မတူတူအောင် လုပ်ဖို့လည်း မကောင်းပါဘူး။

ကျွန်တော်တို့ တက္ကသိုလ်တက်ချိန်မှာ ဝတ်စုံသတ်မှတ်ချက်မရှိပါဘူး။ ကြိုက်တာ ဝတ်နိုင်တယ်။ ဘောင်း ဘီဝတ်တဲ့လူတွေလည်း ရှိတယ်။ ပုဆိုးဝတ်တဲ့သူတွေလည်း ရှိတယ်။ ထူးခြားချက်က မြန်မာလို ဝတ်တတ် တဲ့ ကျောင်းသားတွေနဲ့ ဆရာတွေက တိုက်ပုံတွေ ဝတ်တတ်တယ်။ ကျွန်တော်တို့လည်း အဲဒီအချိန်က တည်းက ပင်နီ တိုက်ပုံကို မချွတ်တမ်း ဝတ်ရတာကို ဂုဏ်ယူပြီး ဝတ်ခဲ့ပါတယ်။

ဝန်ထမ်းဘဝရောက်တော့ နဝတ အစိုးရနဲ့ ကြုံရတယ်။ အဲဒီအချိန်မှာ NLD ဆိုတာလည်း ပေါ်လာ တယ်။ NLD ယူနီဖောင်းက ပင်နီတိုက်ပုံ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဝန်ထမ်းလုပ်နေတဲ့ ကျွန်တော့်ကို ဌာနဆိုင်ရာ အကြီးအကဲကပင်နီဝတ်ပြီး အလုပ်မလာဖို့ သတိပေးပါတယ်။ အဲဒီ အချိန်ကတည်းက ပင်နီလည်း မဝတ်၊ ဘာမှ မဝတ်တော့ဘဲ နေလာခဲ့တာ ပင်စင်ရတဲ့ ယခုအချိန်အထိ ဖြစ်ပါတယ်။

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ သူ့ယူနီဖောင်းလေးတွေနဲ့သူ ရှိနေတာ ကောင်းပါတယ်။ ယူနီဖောင်းမလိုအပ်တာ ပြင်ပ လောကပါ။ လွတ်လပ်စွာ နေချင်ရင်တော့ အဖွဲ့အစည်းနဲ့ ကင်းအောင် နေ ရပါလိမ့်မယ်။ ဒီလိုမှ မနေနိုင်ရင် အဖွဲ့အစည်းထဲက လူတစ်ယောက်ဟာ အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်ကို လက်ခံရပါလိမ့်မယ်။ အဖွဲ့အစည်း သတ်မှတ်ချက်ကို လက်မခံရင် စည်းအပြင်ကို ရောက်သွားနိုင်ပါတယ်။ စည်းအပြင်ရောက်ရင် စည်းအပြင်ကလူ (Outsider) ဖြစ်သွားမယ် ထင်ပါတယ်။

0 comments: