အောက်တိုဘာလ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဂျော်ဂျီယာလွှတ်တော်ရွေးကောက်ပွဲ၌ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သည့် အာဏာရပါတီခေါင်းဆောင်ဖြစ်သူ လက်ရှိသမ္မတ မီခေးလ်ဆာကက်ရှ်ဗီလီ နုတ်ထွက်ပေးရန် ရွေးကောက်ပွဲနိုင်အတိုက်အခံပါတီခြောက်ခုပါသောညွန့်ပေါင်းက တောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုမှုကို အာဏာရပါတီက အောက်တိုဘာလ ၃ ရက်တွင် ပယ်ချခဲ့သည်။ ဆာကက်ရှ်ဗီလီက သူရှုံးနိမ့်ကြောင်းလက်ခံခဲ့ပြီး အနိုင်ရခဲ့သောအတိုက်အခံခေါင်းဆောင်ဘီလျံနာ ဘစ်ဇီနာအိုင်ဗန်နစ်ရှ်ဗီလီ၏ အတိုက်အခံညွန့်ပေါင်းပါတ Georgian Dream အစိုးရသစ်ဖွဲ့နိုင်ရေး ကူညီပေးသွားမည်ဟု ကတိပေးခဲ့သည်။ သို့သော် အတိုက်အခံခေါင်းဆောင် အီဗန်နစ်ရှ်ဗီလီ ၀န်ကြီးချုပ်ဖြစ်လာရန် သမ္မတ၏အမည်စာရင်းတင်သွင်းမှု လိုအပ်နေသည်။ အာဏာရပါတီရှုံးနိမ့်ခဲ့သော်လည်း ဆာကက်ရှ်ဗီလီသည် နောက်ထပ်တစ်နှစ်ခန့် သမ္မတအဖြစ်ဆက်ရှိနေမည်ဖြစ်သည်။
အခြေခံဥပဒေပြုပြင်ပြောင်းလဲမှုအရ ၂၀၁၃ တွင် ဆာကက်ရှ်ဗီလီ၏ သက်တမ်းကုန်ဆုံးပြီးသည်နှင့် သမ္မတထက် ၀န်ကြီးချုပ်က အာဏာပိုရှိလာမည်ဖြစ်သည်။ ဆာကက်ရှ်ဗီလီပါတီက ရွေးကောက်ပွဲတွင်မရိုးမဖြောင့်သောနည်းလမ်းများ အသုံးပြုခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီထောက်ခံသူများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ယင်း ဆန္ဒပြမှုများရပ်တန့်ရန် အတိုက်အခံခေါင်းဆောင်က အောက်တိုဘာ လ ၄ ရက်တွင် တိုက်တွန်းခဲ့သည်။ "ကျွန်တော်တို့ဟာ အခုအတိုက်အခံနေရာမှာ မဟုတ်တော့ဘူးဆိုတာ နားလည်ထားရမယ်" ဟု အသက် ၅၆ နှစ်ရှိ အီဗန်နစ်ရှ်ဗီလီက ပြောကြားခဲ့သည်။
ဂျော်ဂျီယာလွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၀ အနက်နေရာ ၇၇ နေရာကို ပါတီ အချိုးကျကိုယ်စားပြုစနစ်နှင့် ကျန်သောအမတ်နေရာ ၇၃ နေရာကို မဲဆန္ဒနယ်တစ်ခုလျှင် တစ်ဦးရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပါတီအချိုးကျစနစ်ဖြင့် မဲအားလုံးနီးပါးရေတွက်အပြီးတွင် အတိုက်အခံက မဲ ၅၄ ဒသမ ၈၈ ရာခိုင်နှုန်း၊ အာဏာရပါတီက မဲ ၄၀ ဒသမ ၃၉ ရာခိုင်နှုန်းရရှိခဲ့ သည်။ မဲဆန္ဒနယ်အလိုက်ရွေးချယ်သည့်စနစ်အရ Georgian Dream က အမတ်နေရာ ၃၉ ဦးရရှိခဲ့ပြီး အာဏာရ United National Movement (UNM) က အမတ် နေရာ ၃၄ ဦးရရှိခဲ့သည်။
Ref: Reuters
0 comments:
Post a Comment