Wednesday, August 21, 2013
0
 
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းသည် ဧရာဝတီတိုင်းဒေသကြီးမှလွဲ၍ မြန်မာ တစ်နိုင်ငံလုံးရှိ ခရီးသည်တင်ယာဉ်များ ဆိုက်ရောက်ရာ နေရာတစ်ခုဖြစ်ပြီး နေ့စဉ် ခရီးသည်တင်ယာဉ် ၆ဝဝ ခန့် ပြေးဆွဲလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်း ကို အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် သြဂုတ် ၁၉ ရက် နံနက်က စမ်းသပ်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်းသည် ဧရိယာ အကျယ် ၁ ဒသမ ၄၂ ဧက ရှိပြီး Myint and paing Company နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ BOT စနစ်ဖြင့် ၇- ၂-၂ဝ၁၃ မှ စတင်ကာ ၈-၈-၂ဝ၁၃ အထိခြောက်လအတွင်း တည်ဆောက်နိုင်ခဲ့သည်။ ခရီးသည်တင်ဆိုက်ရောက် ဂိတ်တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကျပ်သိန်း ၅ဝဝဝ ကျော်ကုန်ကျပြီး Myint and paing Company မှ ၁၇ နှစ်ကြာ လုပ်ကိုင်ခွင့် ရရှိထားသည်။ မြန်မာနိုင်ငံ၏ပထမ ဆုံးသော ခရီးသည်တင်ယာဉ် ဆိုက်ရောက်ကွင်း (AUNGMINGALAR HIGH-WAY BUS ARRIVAL) နှင့် ပတ်သက်ပြီးအောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

ဦးသော်ဇင်အောင်(Myint and Paing Company Director)

မေး။ ။ မြန်မာနိုင်ငံမှာ ယခင်က မရှိခဲ့ဖူးသေးတဲ့ ယာဉ်ဆိုက်ရောက် ကွင်း (Arrival)ကို ဘယ်လို ရည်ရွယ် ချက်နဲ့ စတင်တည်ဆောက် ဖြစ်သလဲဆိုတာကို ပြောပြပေးပါ။

ဖြေ။ ။ ဒီအောင်မင်္ဂလာ အဝေးပြေးဝင်းဟာ ဧရာဝတီတိုင်းဒေသကြီး ကလွဲလို့ တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၃)ခုကို ပြေးဆွဲနေတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးယာဉ်ရပ်နားကွင်း လို့ ပြောလို့ရပါတယ်။ နောက် ဒီဆိုက်ရောက်ကွင်းတည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ လေယာဉ်နဲ့သွားမှ အဆင့်မြင့်တာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ SEA Games အပြင် အလှည့်ကျ ASEAN ဥက္ကဋ္ဌ တာဝန် အတွက်ပါ ပြင်ဆင်နေချိန်ဖြစ်တော့ နိုင်ငံတော်ကလည်းလုပ်ချင်တဲ့ ဆန္ဒရှိနေတဲ့ အချိန်မှာကျွန်တော်တို့ လုပ်ခွင့်ရတာပါ။ အခြားနိုင်ငံတွေမှာလို နိုင်ငံတကာ အဆင့်မီဖြစ်အောင်ပေါ့။ ကျွန်တော်တို့ စီးပွားရေး သဘောတရား တစ်ခုတည်းမကြည့်ဘဲ နိုင်ငံနဲ့ပြည် သူတွေအကျိုးရှိအောင် လုပ်ပေးထားပါတယ်။ ကျွန်တော်တို့က ၁၇ နှစ်သာ လုပ်ပိုင်ခွင့်ရပေမယ့် ရေရှည်တည်တံ့ခိုင်မာမှု ရှိအောင် ဆောက်ထားပါတယ်။

ဦးဇော်မင်း(ဌာနခွဲမှူး) အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
ဒုတိယစခန်းတာဝန်ခံ

မေး။ ။ AUNGMINGLAR HIGH-WAY BUS ARRIVAL ကို စတင်တည်ဆောက်ခဲ့ချိန်နဲ့ ဘယ်အချိန်မှာ စတင်စမ်းသပ်အသုံးပြုနိုင်ခဲ့သလဲ သိပါရစေ။

ဖြေ။ ။ စတင်ဆောက်လုပ်တာကတော့ စည်ပင်သာယာနဲ့ Myint and paing Company ပူးပေါင်းပြီး BOT စနစ်နဲ့ ဆောက်လုပ်ခဲ့တာပါ။ (၈-၈-၂ဝ၁၃) မှာ ဒီအဆောက်အအုံကို ကျွန်တော်တို့စည်ပင်သာယာကို လွှဲပါတယ်။ သြဂုတ် ၁၉ ရက် နံနက် ၁ နာရီကစတင်ပြီး ၂၅ ရက်အထိ ယာဉ် ရပ်နားကွင်း (၂)မှာ ဝင်နေတဲ့ ကားတွေအကုန်လုံး ဒီ Arrival ထဲကတစ်ဆင့် ဝင်ရောက်ခိုင်းပါတယ်။ ခရီးသည်တွေချတယ်။ ကားတွေဝင် ရတာ အဆင်ပြေမပြေဒါတွေကို ကြည့်ပါတယ်။ ကျွန်တော်တို့ဘက်က ပိုကောင်းအောင် ဘာတွေပြုပြင်ပေး ရမလဲ။ ဘာတွေဆောင်ရွက်ပေးရမလဲဆိုတာကို စမ်းသပ်တာပေါ့။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ဆိုရင် ဒါဟာ ပထမဆုံး Arrival ပါ။ ဒီတော့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာဖို့ စမ်းသပ်ကာလ အချိန်နှစ်ပတ်ယူဖို့ သတ်မှတ်ထားပါတယ်။ ဒီအပတ် ၁၉ ရက်ကစပြီး အောင်မင်္ဂလာကားဝင်းထဲဝင်တဲ့ ကားတွေရဲ့ သုံးပုံနှစ်ပုံကို တစ်ပတ်စမ်းသပ်မယ်။ နောက်အပတ် တနင်္လာနေ့ကစပြီး ယာဉ်ရပ်နားကွင်း (၁)အရပ်အခေါ် ပစောက်ကွင်းမှာရှိတဲ့ ကားတွေအပါအဝင် တစ်ဝင်းလုံးမှာရှိတဲ့ ကားအားလုံး Arrival ကို ဝင်ရမယ်။ အဲဒီအချိန်ကျမှ အဖြေက ပိုသိရမှာပေါ့။

မေး။ ။ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီက ဒီ Arrival ကို နိုင်ငံတကာ အဆင့်မီ အင်္ဂါရပ်တွေနဲ့အညီ တည်ဆောက်ခဲ့လို့ဆိုပါတယ်။ ဒီ Arrival မှာ ခရီးသည်တွေအတွက် ဘယ်လိုအဆောက်အအုံတွေ ပါဝင်ပါသလဲ။

ဖြေ။ ။ ဒီ Arrival ထဲမှာ Lane ကငါးခုရှိတယ်။ တစ်ခုကို ကားကြီးခြောက်စီး ရပ်နိုင်တယ်။ တစ်ပြိုင်တည်းမှာ အပြည့်ရပ်ရင် ကားအစီး သုံးဆယ် ရပ်လို့ရတယ်။ ဒီထဲမှာ ခရီးသည်တွေကို ဝန်ဆောင်မှုအနေနဲ့ သန့်စင် ခန်း ကျားအိမ်သာ (၂ဝ)၊ မအိမ်သာ (၂ဝ) စုစုပေါင်း (၄ဝ)ရှိပါတယ်။ နောက်ရေချိုး ခန်းပါတယ်။ အိမ် သာတွေကတော့ ဝန်ဆောင်မှုနဲ့ သန့်ရှင်းရေး ကုန်ကျစရိတ်တွေကြောင့် လူတစ်ယောက်ကို တစ်ရာနှုန်းကောက်ခံသွားမှာပါ။ အခမဲ့ဆိုရင် ခရီိးသည်မဟုတ်ဘဲ အခြားလူတွေပါရောက်လာနိုင်တယ်။ ကုမ္ပဏီအနေနဲ့ သန့်ရှင်းရေးလည်း နိုင်မှာမဟုတ်ဘူး။ ခရီးသည်တွေထိုင်နားဖို့ထိုင်ခုံ အလုံး ၁၂ဝ ရှိတယ်။ ခရီးသည်တွေမှာပါတဲ့ ဝန်စည်တွေတင်တွန်းဖို့ လက်တွန်းလှည်း အစီး ၂ဝဝ ရှိတယ်။ ဒီတွန်းလှည်းတွေကို Arrival ဧရိယာဝင်းအတွင်းမှာ ခရီးသည်တွေအသုံးပြုနိုင်ပါတယ်။ လုံခြုံရေးက Company ကခန့်ထားတဲ့ ၂၄ ဦးရှိတယ်။ CCTV ကင်မရာ ၁၆ လုံးပါတယ်။ ဖျော်ဖြေရေးနဲ့ ပညာပေးဖို့ အတွက်လက်မ ၆ဝ ရှိတဲ့ Plasma TV 13 လုံး တပ်ဆင်ပေးထားတယ်။ ငွေလဲကောင်တာနဲ့ ATM ငွေထုတ်စက်အတွက် ကမ္ဘောဇ ဘဏ်ကသုံးခန်း၊ CB ဘဏ်က သုံးခန်း၊ စားသောက်ဆိုင်သုံးခန်း၊ ဆိုက်ရောက်တဲ့ကား တွေရဲ့ City Plan သိမ်းဖို့အတွက် မထသက ရုံးခန်းတစ်ခန်း စုစုပေါင်း ၁ဝ ခန်းပါရှိတယ်။

မေး။ ။ ဒါ့အပြင် ဘယ်လိုဝန်ဆောင်မှုတွေများ ထပ်မံဖြည့်ဆည်းပေး ထားပါတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ။ ။အင်တာနက်ကို အခမဲ့အသုံးပြုနိုင်အောင် WL-Fi စနစ်အသုံး ပြုထားတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ဖို့ ၂၄ နာရီဆေးခန်း တစ်ခန်းပါတယ်။ ATM စက်တွေနဲ့ ငွေလဲကောင်တာတွေကို ၂၄နာရီအသုံးပြုနိုင်မယ်။အဓိကကတော့ခရီးသည်တွေမိုးလုံလေလုံနားနားနေနေဆိုက်ရောက်နိုင်အောင်ပေါ့။   နောက်ခရီးသည်တွေမှာ ကုန်ပစ္စည်းအလေးအပင် တွေပါရင် မပေး မယ့်အလုပ်သမားဝန်ထမ်းတွေ ရှိသေးတယ်။ ဒီဝန်ထမ်းတွေကို စေတနာ့ဝန်ထမ်းအနေနဲ့ ခန့်ထားတယ်။ အခကြေးငွေ မသတ်မှတ်ထား ဘူး။ ခရီးသည်က စေတနာရှိလို့ ပေးတာကိုပဲ ယူခိုင်းတယ်။ လောလောဆယ် ၂ဝ လောက်ရှိတယ်။ တူညီ ဝတ်စုံအပြာနဲ့ ကတ်ပြားတွေ ဆွဲထားပေးတယ်။ အပြင်လူနဲ့ မရောအောင်ခွဲခြားထားတာပါ။ သူတို့က ခရီးသည်ကို ဘယ်လောက်ပေးပါလို့ တောင်းခွင့်မရှိဘူး။ တောင်းခဲ့လို့ complain ရှိရင် သူတို့ကို အရေး ယူမယ်။

မေး။ ။ ဆိုက်ရောက်ပြီးတဲ့ ခရီးသည်တွေ အဆင်ပြေပြေသွားလာနိုင်အောင် လုပ်ဆောင်ပေးထားတာမျိုး ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ အဆောက်အအုံဘေး ဘယ်ညာနှစ်ဖက်မှာ Taxi way ပါတယ်။ Taxi way တစ်ခုကို အစီး ၂ဝ ခန့်ရပ်နိုင်တယ်။ လက်ရှိမှာ အောင်မင်္ဂလာစခန်းထဲမှာ Taxiအသင်းဆိုပြီးဖွဲ့စည်းထားတာရှိတယ် ။ လောလောဆယ်မှာတော့ ဒီ Taxi အသင်းက ကားတွေပဲသွင်းပါသေးတယ်။ Taxi ကွင်းထဲက ကားတွေက ဒီ Taxi way မှာအလှည့်ကျလာရပ်ပြီး ခရီးသည်တင်ခွင့်ပြုထားတယ်။ Taxi တွေကို ကြီးကြပ်သူတွေရှိမယ်။ တက္ကစီသမားတွေက ကားနားလာပြီး အလုအယက်ခေါ်လို့ မရဘူး။ Private လာကြိုတဲ့ကားတွေအတွက် လည်း ကားရပ်ဖို့နေရာတွေ လုပ်ထားပေးပါတယ်။

မေး။ ။ ပထမဆုံး စတင်စမ်းသပ်တဲ့ နေ့မှာကြုံတွေ့ရတဲ့ အခြေအနေနဲ့ အခက်အခဲတွေရော ရှိပါသလား။

ဖြေ။ ။ ဒီနေ့အစ်ကိုတို့ စတင်တဲ့ စမ်းသပ်မှုမှာ Arrival ထဲဝင်ပြီး ပြန်ထွက်ရတဲ့ မန္တလေးလမ်းတစ်လျှောက်၊ ဒနင်းရိုးချောင်းပတ်လမ်း တစ်လျှောက်မှာ ကားကြီးတွေညအိပ်ရပ်နားတာမျိုး မလုပ်အောင် ကြိုရှင်းထားရ တယ်။ ဒီနေ့က ပထမဆုံးစတင်တဲ့နေ့ဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုက ကျပ်နေသေးတယ်။ ခရီးသည်ရော၊ ကားသမားတွေရော အသားကျသွားရင်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့သွားမှာပါ။ စတင်စမ်းသပ်တဲ့ သြဂုတ် ၁၉ ရက် နံနက် ၁ နာရီကနေ ၇ နာရီထိက ၁၆၆ စီး၊ နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိက ၃၁ စီးဆိုက်ရောက်တယ်။

မေး။ ။ ဆိုက်ရောက်ကွင်းမပြုလုပ်ခင်က အောင်မင်္ဂလာအဝေးပြေးယာဉ် ရပ်နားစခန်းရဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ အရင်အဆင့်မမြှင့်ခင်အချိန်ကတော့ ဝင်လာသမျှခရီးသည်တင်ကား တွေဟာ ဒီမြေသားနေရာမှာ လာဆိုက်တယ်။ မြေသားဆိုတော့ မိုးတွင်းမှာ ဗွက်တွေနဲ့ ခရီးသည်တွေအတွက် အဆင်မပြေဘူး။ ဒါကြောင့် တချို့က ကိုယ့်ဂိတ်ကိုယ်သွားရပ်ကြတယ်။ Taxi တွေက ခရီးသည်လိုချင်တော့ အဲဒီ ဂိတ်တွေဆီ လိုက်တယ်။ အောင်မင်္ဂလာဝင်းထဲမှာက သတ်မှတ်ထားတဲ့ နေရာက လွဲရင် ပြင်ပ Taxi တွေကို ဝင်ကြေးနှစ်ရာကျပ်ပေးပြီး ဝင်ခွင့်ပြုထားတယ်။ ကားတစ်စီးဂိတ်ထိုးတာနဲ့ Taxi က လေးစီးကနေ ၁ဝ စီးကြား ရပ်တယ်။ ဒီတော့ လမ်းတွေပိတ်တယ်။ ပြီးရင် နောက်ဆိုက်မယ့်ကားတစ်စီး ထပ်ဝင်လို့ မရတော့ဘူး။ အရင်က ဒီလိုအခြေအနေမျိုးတွေ အမြဲဖြစ်ခဲ့တာပါ။

မေး။ ။ Arrival ကို အသုံးပြုတဲ့အတွက် ခရီးသည်တွေမှာ ဘယ်လိုရလဒ် တွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။

ဖြေ။ ။ ကားဂိတ်တွေအကုန်လုံးကို လိုက်ပြီး လုံခြုံရေးမပေးနိုင်တဲ့အတွက် ရပ်နားကွင်းဆိုတာ ပေါ်လာတာ။ လုံခြုံရေးကို တစ်နေရာတည်းမှာ ပေးတဲ့သဘောပေါ့။ CCTV တွေတပ်ထားတော့ တစ်ခုခုဖြစ်ရင် ပြန်ကြည့်လို့ရတယ်။ ခရီးသည်ချင်း ပစ္စည်းမှားယူသွားရင်တောင် CCTV က ကြည့်ပြီး ပြန်လိုက် လို့ရတာပေါ့။ ပြည်တွင်းခရီးသည်တွေသာမကဘူး၊ တောင်ကြီး၊ မန္တလေး ဘတ်စ်ကားတွေဆို နိုင်ငံခြားသားခရီးသည် တော်တော်ပါတယ်။ သူတို့အတွက်လည်း လုံခြုံစိတ်ချရတာပေါ့။ လုံခြုံရေးဝန်ထမ်းတွေရှိတယ်။ တစ်ခုခုဖြစ်ရင် အကူအညီတောင်းလို့ရတယ်။ မီးရောင်လည်း ကောင်းကောင်းရှိတယ်။

ဦးမြင့်ဆွေ(တာဝန်ခံ)GI Group အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး

မေး။ ။ အန်ကယ်တို့အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့ကနေ စတင်ကောက်ခံမယ့် ယာဉ်တစ်စီး ဆိုက်ရောက် ခ ငါးရာကျပ်အပေါ် ဘယ်လိုသဘော ရပါသလဲ။

ဖြေ။ ။ငါးရာဆိုတာလည်း ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ ယာဉ်မောင်းတွေအနေနဲ့လည်း အ ဆင်ပြေမှုရှိပါတယ်။ ဒီလိုစနစ်တကျလုပ်ထားတဲ့အတွက် ယာဉ်ကြောပိတ်တာ သက်သာသွားမယ် ထင် တယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ဒီမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်သွားတယ်။ ညကိုးနာရီ ထွက်ရမယ့်ဟာ ၁ဝ နာရီလောက်မှ ထွက်ရတယ်။ ဦးတို့က ကားထွက်သွားတော့ ခရီးတော်တော်ရောက်သွားပြီထင်နေတာ။ ကားက ဒီဝင်းထဲမှာပဲ ပိတ်မိနေ သေးတယ်။ ခရီးသည်တွေအတွက်ကလည်း အများကြီးပိုလုံခြုံတယ်။ အန်ကယ် တို့ကတော့ လုံးဝစိတ်ကျေနပ်ပါတယ်။ အန်ကယ်တို့ထမ်းဆောင်ရမယ့်ဝန်ကို တစ်စိတ်တစ်ပိုင်း ကူထမ်းပေးတယ်လို့ မြင်ပါတယ်။ ဒီကဂိတ်တွေက ကျဉ်းပါတယ်။ ကားတစ်စီးကို အနည်းဆုံးခရီး သည် လေးဆယ်ပါရင်တောင် ဂိတ်မှာက ထိုင်စရာဆယ်နှစ်ခုံလောက်ပဲ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အန်ကယ်တို့ဆီမှာ အိမ်သာနှစ်လုံးပဲရှိတယ်။ ကိုယ့်ဂိတ်နဲ့ယှဉ်ကြည့်တာ။ အန်ကယ်တို့ အတွက်ရော ပတ်ဝန်းကျင်ဂိတ်တွေအတွက်ပါ ကောင်းတယ်လို့ မြင် ပါတယ်။

ဦးသန်းရွှေ(နယ်မြေအုပ်ချုပ်ရေးမှူး)
အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
ကားဝင်းထဲမှာရှိတဲ့ မူးရူးသမားတွေ၊ တက္ကစီလူခေါ်ပွဲစားတွေက ပစ္စည်းမေ့ကျန်တာမျိုးတွေက စိတ်မချရ ဘူး။ နံနက်ကကြည့်ရတာတော့ တက္ကစီက တက္ကစီနေရာ၊ ကိုယ်ပိုင်ကားကလည်း သူ့နေရာနဲ့သူဆိုတော့ ပြီးတော့လုံခြုံရေးနဲ့ အလုပ်သမားနဲ့ဆိုတော့ အဆင်ပြေပါတယ်။ နံနက်အစောကြီးဝင် လာတဲ့ခရီး သည်တွေ သွားရလာရမှာ ဝေးတဲ့လူတွေက အဖော်ပါရင် ပြဿနာ မရှိပေမယ့် တစ်ယောက်တည်းဆိုရင် တက္ကစီစီးဖို့ မိုးလင်းတဲ့အထိစောင့်ရတယ်။ ဒါအတွက်လည်း အဆင်ပြေတာပေါ့။ နောက်တစ်ခုက ဒီ Arrival ရဲ့ဘေးမှာ မထသမြို့တွင်းဘတ်စ်ကားတွေ ရှိတယ်။ ဆူးလေထိရောက်တယ်။ ဒီတော့ အငှားကားစီးစီး၊ လိုင်းကားစီးစီး အဆင်ပြေမယ်။ ဒီးကားဂိတ်ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ပြဿနာတွေ ယခင် ထက် လျော့နည်းသွားမယ်လို့ ထင်ပါတယ်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments: