Friday, October 12, 2012
0
 
၂ဝ၁၂ထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး အနည်းဆုံး ၅ကား ရိုက်ဖို့ရှိတဲ့ ဟိန်းဝေယံက ၂ဝ၁၂ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်တဲ့ “ပြန်ခေါ်သက်သေ” ဇာတ်ကားကြီးကို သရုပ်ဆောင် နေပါတယ်။ သားညီ၊ စူးရှ၊ ကျော်ကျော်၊ သက်မွန်မြင့်တို့နဲ့ သရုပ်ဆောင်နေတာ ဖြစ်ပြီး ပါဝါကင်း ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဇာတ်ကားကြီးဖြစ် ပါတယ်။ မြန်မာတို့ရဲ့ နှစ်သစ်ကူး ဖြစ်တဲ့ သင်္ကြန် ပွဲတော်လည်း နီးကပ်လာပြီ ဖြစ်ပြီး သင်္ကြန် ဆိုတာ မြန်မာ တစ်မျိုးသားလုံး ရင်ခုန်ကြတဲ့ ပွဲတော် တစ်ခုလို့ ပြောရမှာပါ။ အနုပညာရှင် တွေ ကိုယ်တိုင်လည်း ရင်ခုန်ရတဲ့ သင်္ကြန်ကို ဟိန်းဝေယံက ဘယ်လို ဆင်နွှဲမလဲ မေးတော့…
“ဒီနှစ် သင်္ကြန်ကိုတော့ ကျွန်တော် မော်လမြိုင် “ဖားအောက်တောရ” ကျောင်းမှာ အဖေ နဲ့အတူတူ တရားစခန်း ဝင်မယ်။ သင်္ကြန်က တော့ ကျွန်တော်နှစ်တိုင်း လိုလို ဘုန်းကြီးဝတ် ရင်ဝတ်၊ မဝတ်ရင် တရား စခန်းဝင် ဖြစ်တယ်။ မဟုတ်ရင်လည်း အိမ်မှာပဲ အေးအေးနားနား နေဖြစ်တယ်။ သင်္ကြန်မှာ ကျွန်တော်အပြင် ထွက်တာ ထက်စာ ရင် ကိုယ့်ဘာသာကိုယ် နားနေဖြစ်တာ များတယ်။ တကယ်လို့ သရုပ်ဆောင် တစ်ယောက် ဖြစ်မနေဘူး ဆိုရင်တော့ အခုခေတ် လူငယ်တွေ အတိုင်း သင်္ကြန် မှာ အသား ကုန် လန်းမှာပေါ့။ မဏ္ဍပ်တွေ ထိုင်မယ်။ လျှောက်သွား ကြမယ်ပေါ့။ သရုပ်ဆောင် တစ်ယောက် ဖြစ်နေတာထက်ကို ကျွန်တော် က အရှေ့မှာ ဇာတ်ကား ရိုက်တွေနဲ့ ပင်ပန်း ထားတာတွေကို စိတ်ရော၊ လူရော ပြည့်ပြည့်ဝဝ နားချင်တယ်။ ဒါကြောင့် တရားစခန်း ဝင်တာပါ။ အိမ်မှာဆိုရင် စိတ်က တထင့်ထင့် ဖြစ်နေမယ်။ သင်္ကြန်ဆို အပြင်ကလည်း ထွက်ချင်မယ်။ သူငယ်ချင်းတွေလည်း လာခေါ်နေဦးမယ်။ ဒါကြောင့် ဒီလို စီစဉ်ဖြစ်တာပါ” လို့ ဟိန်းဝေယံက ဒီနှစ် သင်္ကြန်ကို သူဘယ်လို ဖြတ်သန်းမယ် ဆိုတာကို ပြောပြပါတယ်။
အခုရိုက်ကူးနေတဲ့ ရုပ်ရှင် ဇာတ်ကားကြီး အပြီး မတ်လ ၁၅ရက် နေ့မှာတော့ ဖွေးဖွေး၊ ညီမဖြစ်သူ စွဲ့ညှို့ရှင်တို့နဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးမှာဖြစ်ပြီး ဖွေးဖွေး နဲ့ က ကြော်ငြာ တစ်ခု မှာ ဆုံဖူးပေမယ့် ဇာတ်ကား ရိုက်ကူးမှု အနေနဲ့ တော့ ပထမဆုံး အကြိမ်ဆုံမှာ ဖြစ်ကြောင်း ပြောပြပါတယ်။
“ဒီဇာတ်ကားမှာ ကျွန်တော့် ညီမလေး စွဲ ညှို့ရှင်နဲ့က ကျွန်တော်နဲ့ မောင်နှမပဲ။ ဖွေးဖွေးက ကျွန်တော့် ရည်းစားပေါ့။ ကာရိုက်တာ လေးတွေက လူငယ် ပုံစံလေးတွေပါ ပဲ။ ကျွန်တော့် ညီမနဲ့ဖွေးဖွေးနဲ့က တစ်ယောက် နဲ့ တစ်ယောက် ဂျစ်ကန်ကန် ပုံစံမျိုးပေါ့။ ကျွန်တော်က တအားအေးတယ်။ ညီမလေးက သွက်တယ်။ ဖွေးဖွေး ကလည်း သွက်တယ်။ ဖွေးဖွေး ကလည်း ချစ်သူကို တအားချစ်တယ်။ ညီမလေး ကလည်း အစ်ကို့ကို တအားချစ်တာ ကြောင့် သူတို့နှစ်ယောက် အပြိုင် ပုံစံမျိုးပေါ့” လို့ နောက်ထပ် အနုပညာ လှုပ်ရှားမှု အနေနဲ့ ပြောပြပါတယ်။

0 comments: