Wednesday, August 21, 2013
0
 
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် မျှောချောင်းကျေးရွာအနီးရှိ ဖီမှော်ပြည်သူ့စစ်အဖွဲ့အား ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့ တစ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သြဂုတ်လ ၁၉ ရက် နံနက် ၆ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ ဖီမှော်ပြည်သူ့စစ်အဖွဲ့က ကာကင်းထုတ်ထားတဲ့နေရာကို KIA အဖွဲ့က အင်အားအများကြီး နဲ့ လာတိုက်တာပါ၊ မနက် ၆ နာရီလောက်ပဲ ရှိပါသေးတယ်၊ KIA ဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ ကျွန်တော်တို့ ပြန်ခုခံပေမယ့်လည်း အင်အားချင်းမမျှတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ် ” ဟု ပြည်သူ့စစ် အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောပြသည်။

သူကဆက်လက်၍ “ ပြည်သူ့စစ်အဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ စိုးရိမ်စရာအနေအထားတော့ မရှိပါ ဘူး၊ ဟိုဘက်က ထိခိုက်ကျဆုံးတာတွေရှိမရှိ မသိပါဘူး၊ အခု အဲဒီမျှောချောင်းကျေးရွာနားမှာ KIA အဖွဲ့က ရှိနေတုန်းပါပဲ၊ ဒီနယ်မြေကကျွန်တော် NDAK ရဲ့ နယ်မြေလေ၊ သူတို့ KIA တွေခုလို လာကျူးကျော်တာ ကိုတော့ လက်မခံနိုင်ပါဘူးဗျာ ” ဟု ပြောပြသွားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ NDAK အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကတော့ “ ဒီနယ်မြေတွေဟာ ၁၉၉၀ ခုနှစ် ၀န်းကျင်ကတည်းက NDAK ရဲ့ နယ်မြေအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်၊ KIA က ကျွန်တော်တို့နယ်မြေတွေကို လာကျူးကျော်ပြီး ကျွန်တော်တို့ကို ရန်စတိုက်ခိုက်တာပါ၊ ဟိုတစ်နေ့ကလည်း ရိက္ခာသွားပို့တဲ့ ကျွန်တော်တို့အဖွဲ့ကို KIAကချုံခိုပြီး မိုင်းဆွဲတိုက်ခိုက်လို့ အဖွဲ့ဝင်တစ်ယောက် ကျသွား တယ်၊ အခုလည်းကျွန်တော်တို့ ကာကင်းနေရာကို အင်အားအလုံးအရင်းနဲ့ လာတိုက်လို့ သုံးဦးဒဏ်ရာ ရသွားတယ်၊ ကျွန်တော်တို့ နယ်မြေထဲမှာ အခုလိုလာပြီး ရန်စတိုက်ခိုက်ပြီး တပ်တွေစွဲထားမယ်ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပဲ၊ ဒေသခံရွာသားတွေလည်း ဒုက္ခရောက်ကြတာပေါ့ ” ဟု ပြောပြခဲ့သည်။

NDAK နယ်မြေအတွင်း KIA တပ်ရင်းများ ခြေကုပ်ယူထားမှုအပေါ် ပြန်လည်နောက်ဆုတ်ပေးရန် NDA K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက KIA ခေါင်းဆောင်များထံသို့ ထုတ်ပြန်ချက်တစ်စောင်ပေးပို့ထား ခဲ့ကြောင်း၊ ယင်းနယ်မြေသည် တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း ကောင်းမွန်ပြီး လိုင်ဇာကို ၀င်ရောက်နိုင်သည့်အပြင် သစ်လုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းကြောင့် KIA မှ လာရောက်ကျူးကျော်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ KIA အဖွဲ့မှ ချုံခိုတိုက်ခိုက်မှုများ၊ တပ်စွဲထားမှု များကြောင့် NDAKအဖွဲ့နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာမှာကို ဒေသခံများမှ စိုးရိမ်ထိတ်လန့်နေ ကြကြောင်း သိရှိရပါသည်။

နော်တူးဇော်

0 comments: