ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ရှားခဲအင်း၌ ဖြစ်ပွားခဲ့သည့်
ပဋိပက္ခများကြောင့် ရှားခဲရွာသားများ၏ လုံခြုံမှုနှင့်
တရားဥပဒေစိုးမိုးမှုမရှိသည့်အပေါ် တိုင်းဒေသကြီးအစိုးရမှ
အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်
အရေးကြီးအဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၇ ရက်နေ့က ကိုဝင်းနိုင်(ခေါ်)တရုတ်ကြီးအား သတ်ဖြတ်ခဲ့သည့် ၀ိုင်းဝိုင်းလည်သမအသင်းမှ လူမိုက်ဖိုးလူဝ(ခေါ်) ကျော်သိန်းတို့အဖွဲ့အား ဖမ်းဆီးမှုမရှိခြင်း၊ ယင်းအဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ရွာသားများ ကြောက်ရွံ့ထိတ်လန့်နေကြသည့်အတွက် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ကျုံပျော်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းထွန်းမှ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ရှားခဲကြီး၊ရှားခဲလေးအင်းကို ရွာခံရေလုပ်သားများအား ကြမ်းခင်းဈေး ၄၅ သိန်းဖြင့် လုပ်ကိုင်ခွင့်ချပေးမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကတိပေးပြီးနောက် ဦးမြင့်ဟန်ဦးဆောင်သည့် ၀ိုင်းဝိုင်းလည်သမအဖွဲ့အား ၆၅ သိန်းဖြင့် လုပ်ခွင့်ပေးခဲ့ရာမှ စတင်ကာ ၀ိုင်းဝိုင်းလည်နှင့် ရွာသားများအကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၂၇ ရက်နေ့ညပိုင်းတွင် ၀ိုင်းဝိုင်းလည်သမအသင်းမှ ဖိုးလူဝ(ခ) ကျော်သိန်းဦးဆောင်သည့်အဖွဲ့မှ ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သည်ကို ရွာသားများက မကျေနပ်သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန္ဒပြခဲ့ကြကြောင်း၊ ယင်းဆန္ဒပြပွဲအား ကျုံပျော်နှင့် ဟင်္သာတမှ ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းငွေတို့နှစ်ဦး သေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဦးသန်းထွန်းက လွှတ်တော်တွင် တင်ပြသွားသည်။
ဦးသန်းထွန်း၏ အရေးကြီးအဆိုအား သာပေါင်းမြို့နယ်လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းသိန်းမှ ထောက်ခံဆွေးနွေးခဲ့ပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် သေနတ်ဖြင့်ပစ်ခတ်ရာတွင် အဓိကရုဏ်းနှိမ်နင်းသည့် ဥပဒေများကိုလိုက်နာခြင်း ရှိ၊ မရှိ၊ ပစ်ခတ်ရာတွင်အသက်မသေနိုင်သည့်နေရာကို ပစ်ခတ်ရန် လိုက်နာမှု ရှိ၊ မရှိနှင့် အခင်းဖြစ်နေရာကို လာစဉ်ကပင် လိုအပ်သည့်အတားအဆီးများ ပါ၊ မပါ၊ သုံး၊ မသုံး စုံစမ်းစစ်ဆေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။
ကျုံပျော်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းတင်သွင်းခဲ့သည့် အရေးကြီးအဆိုအား လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် လွှတ်တော်ကိုယ်စားလှယ်များအား သဘောထား တောင်းခံခဲ့ရာ အားလုံးမှ ကန့်ကွက်ခြင်းမရှိ သဘောတူညီခဲ့ကြသည်။

0 comments:
Post a Comment