Wednesday, October 17, 2012
0

ရှမ်းပြည်မြောက်ပိုင်း မွန်ဂိုးဒေသရှိ မြန်မာအစိုးရ တပ်ပေါင်းစုံစစ်ကြောင်း သည် မုန်လုံ (Munglung) တွင် အောက် တိုဘာလ ၁၂ ရက် သောကြာနေ့ ညနေတွင် တပ်အတွင်း အချင်းချင်းအငြင်းပွားမှုဖြစ်ပွားပြီး ပစ်ခတ်ကြရာ တပ်သား ၄ ဦးနှင့် လမ်းပြ ၁ ဦး သေဆုံးခဲ့ကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါအငြင်းပွားမှုသည် မြန်မာအစိုးရတပ် ခလရ ၆၉ မှ အသက် ၅၀ ကျော်ရှိသည့် တပ်ကြပ်ကြီးသည် ရှေ့တန်းသို့ ၁၀ ကြိမ် ထက်မနည်းသွားရခြင်းကြောင့် ၎င်းတပ်သို့ အသစ်ပြောင်းလာသော ဗိုလ်နှင့် စကားများပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“စကားများကြပြီး ပစ်ကြတယ်။ ဗိုလ်ကြီးကိုလဲ လက်မှာ ထိတယ်။ ပြီးတော့ တပ်သား ၂ ဦးနဲ့ ဒေသခံ ပြည်သူ လမ်းပြ ၁ ဦးသေသွားတယ်။

ပြီးတော့ သူ့ကိုသူ ပစ်ပြီးအဆုံးစီရင်လိုက်တယ်။” ဟု ၎င်းနှင့် နီးစပ်သူတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ထို့အတူ မုန်ဘော်တွင်ရှိနေသောမြန်မာတပ်ရင်းတွင်လည်း ထိုညတွင် အရက်မှုးပြီး အချင်းချင်းစကားများပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

ထိုသို့ အချင်းချင်း ပစ်ခတ်ကြစဉ် မုန်ဘော်ပြည်သူ့စစ်မှ ၁ ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း သိရသည်။ ၎င်းမွန်ဂိုးဒေသရှိ တပ်ပေါင်းစုံ စစ်ကြောင်းတွင် ခလရ ၄၅၊ ၆၉၊ ၁၂၃ တပ်သားများ၊ တီခွန်မြတ် ဦးဆောင်သော ကွတ်ခိုင်ပြည်သူု့စစ်အဖွဲ့နှင့် ဒူမွန်းဦးဆောင်သော မုန်ဘော်ပြည်သူ့စစ်အဖွဲ့များလည်း ပါဝင်ကြောင်းသိရသည်။

ယခုအချိန် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် အစိုးရစစ်အင်အား ၅၀၀ နီးပါးတိုးချဲ့ထားကြောင်း ပန်ဆိုင်း (ကြူကုတ်) ဒေသဆိုင်ရာ KIA အရာရှိတစ်ဦးဆိုသည်။

0 comments: