Wednesday, November 07, 2012
0
နိုဝင်ဘာလ ၆ရက်နေ့တွင်ပြုလုပ်ခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လက်ရှိ အမေရိကန်သမ္မတ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဘာရက်အိုဘားမားမှာ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုသမ္မတလောင်းမစ်ရွမ်နေကို အနိုင်ရသွားပြီဖြစ်ပြီး ဒုတိယသက်တမ်း ထမ်းဆောင်ခွင့်ရ သွားပြီဖြစ်ကြောင်း (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၇ရက် နံနက် ၁၁ နာရီ ၀န်းကျင်) တွင် စီအင်န်အင်န်သတင်းဌာန၊ဖော့က်စ်သတင်းဌာနတို့၏တွက်ချက်ထုတ်ပြန်ခဲ့ကြသည်။ 

အိုဘားမားသည်  အဓိကစစ်မြေပြင်ဟု ဆိုရမည့်ပင်ဆီလ်ဗေးနီးယားတွင် အနိုင်ရသွားခြင်းဖြစ်ပြီး ယင်းသို့ ပင်ထောက်ခံမှုမကွာသည့် ပြည်နယ်များဖြစ်သော နယူးဟမ့်ရှိုင်းယား၊ ၀စ္စကွန်ဆင်၊ မီရှီဂန်တို့တွင်လည်း အိုဘားမားကအနိုင်ရခဲ့ကြောင်း မီဒီယာများ၏မဲရေတွက်မှု စောင့်ကြည့်တွက်ချက်မှုအရသိရသည်။ အမေရိ ကန်သမိုင်းတစ်လျှောက်တွင် အိုဟိုင်းယိုးပြည်နယ်တွင်မနိုင်ဘဲ သမ္မတဖြစ်သည်ဆိုခြင်းမှာနှစ်ကြိမ် သာရှိ ခဲ့ခြင်းကြောင့် အဓိက ပြည်နယ်အဖြစ် မှတ်ယူကြရာအိုဟိုင်းယိုးတွင်လည်း အိုဘားမားပင် အနိုင်ရခဲ့ကြောင်း ခန့်မှန်းတွက်ချက်မှုများကဖော်ပြသည်။ ရွမ်နေ၏ ဇာတိပြည်နယ်မီရှီဂန်တွင်အိုဘားမားကို ရှုံးခြင်းမှာ ရှုံး ချက်နာသည်ဟု ဆိုနိုင်ပြီး ရွမ်နေ၏ဖခင်မှာ မီရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ဖူးသူဖြစ်သည်။

နှစ်ဖက်စလုံးမှအပိုင်သေချာသည့်ပြည်နယ်များဟုခန့်မှန်းထားသည့် ပြည်နယ်များတွင်မူ မျှော်လင့်ထားသည့် အတိုင်း အသီးသီးအနိုင်ရထားကြသည်။အစောပိုင်း ထွက်ပေါ်လာသော မဲရလဒ်ခန့်မှန်းမှုများတွင် ရွမ်နေက အသာရနေခဲ့သော်လည်းထောက်ခံမှုမကွာသည့်ပြည်နယ်အများစုတွင်အိုဘားမားကအနိုင်ရသွားခဲ့ခြင်းဖြစ် သည်။

သမ္မတရွေးကောက်ပွဲနှင့်အတူ အောက်လွှတ်တော်အမတ် ၄၃၈ နေရာကိုလည်း ရွေးကောက်နေရာ ထွက်ရှိလာသော အခြေအနေများအရ ရီပတ်ဘလီကန်တို့သာ အောက်လွှတ်တော်ကို ဆက်လက်လွှမ်းမိုး ထားနိုင်မည့်အခြေအနေတွင်ရှိနေသည်။သက်တမ်းခြောက်နှစ်ထမ်းဆောင်ရသည့် အထက်လွှတ်တော်ကိုမူ အမတ်နေရာ ၁၀၀ အနက် ၃၃ ဦးကို ရွေးကောက်နေပြီး ဒီမိုကရက်အများစု ရထားခဲ့သည့်နေရာ များဖြစ်သလို ဒီမိုကရက်တို့သာ အများစု ဆက်နိုင်သွားဖွယ် ရှိနေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာ ၁၁ နေရာအတွက်လည်း ရွေးကောက်ပွဲများ ကျင်းပနေသည်။

စီအင်န်အင်န်သတင်းဌာန၏တွက်ချက်မှုအရ သမ္မတရွေးကောက်မဲ၅၃၈မဲရှိသည့်အနက် မဲရေတွက်မှုမပြီး ဆုံးသေးမီပင် ထက်ဝက် ဖြစ်သော ၂၇၀ကိုကျော်ပြီး ၂၇၄ မဲအထိရရှိနေပြီဖြစ်ကာ ရွမ်နေမှာ၂၀၁ မဲ သာရ ရှိသေးသောကြောင့်အနိုင်ရပြီ ဟုကြေညာခဲ့ကြခြင်းဖြစ်သည် ။ဖော့က်စ်သတင်းဌာနနှင့်အခြား အမေရိကန် သ တင်း ဌာနကြီးများကလည်း အိုဘားမားအနိုင်ရပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်သည်။

Facts
အမေရိကန်သမ္မတကို မဲရရှိသည့် ရာခိုင်နှုန်းဖြင့် တိုက်ရိုက်ရွေးခြင်းမဟုတ်ဘဲ ပြည်နယ်အလိုက် လွှတ်တော်နှစ်ရပ်တွင် ရှိသော အမတ်အရေအတွက် စုစုပေါင်းနှင့်ညီသော ရွေးကောက်ရေးအဖွဲ့ဝင်များ (electoral collage) ဖြင့် ရွေးခြင်းဖြစ်ပြီး ယင်းမဲကို ရွေးကောက်မဲများ (electoral votes) ဟု ခေါ်သည်။ ဥပမာအားဖြင့် ကာလီဖိုးနီးယားပြည်နယ်သည် ရွေးကောက်မဲ ၅၅ မဲရပြီး ယင်းနယ်တွင် လူထုဆန္ဒမဲထက်ဝက်ကျော်သူက ယင်း ၅၅ မဲစလုံးရမည်ဖြစ်သည်။ ယင်းသို့ ပြည်နယ်တစ်ခုချင်းစီအလိုက် (မိန်းနှင့် နီဘရာဆကာပြည်နယ်မှအပ) နိုင်သူအကုန်ယူ  Winner Take All စနစ်ဖြင့် ယင်းပြည်နယ်အတွက် သတ်မှတ်ထားသော electoral votes များကို ခွဲဝေရရှိမည်ဖြစ်ပြီး electoral votes ၅၃၈မဲရှိသည့်အနက်၂၇၀နှင့်အထက်ရသူနိုင်မည်ဖြစ်သည်။လူအများဆုံးကြိုက်သူအနိုင်ဆိုခြင်း ထက်ပြည် နယ် အများဆုံး ကြိုက်သူအနိုင်ဖြစ်လာစေပြီး ပြည်နယ်ငယ်များမနစ်နာစေရန် ဖန်တီးထားခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း လူဦးရေ နှင့်မြို့များသော ပြည်နယ်များမှာ ပြည်နယ်ငယ်များထက် electoral vote များသောကြောင့်လူနည်းစုပြည်နယ်ငယ်များတွင်သာအသာရရုံဖြင့်မနိုင်စေရန်ဖန်တီးပေးထားပြီး ပြည်ထောင်
စုစနစ်ကိုအားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

0 comments: