Friday, August 02, 2013
0





ဗြိတိန် နိုင်ငံသားနှင့်လက်ထပ်ပြီး ယင်းနိုင်ငံသားခံယူထားသည့် သားနှစ်ဦး၏ မိခင်ဖြစ် သူ ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတနေရာယှဉ်ပြိုင်ခွင့်မပြုပါက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သို့ ပြင်ဆင် သည်ဖြစ်စေ အပေါစား ပြက်လုံး တစ်ခုအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ဗြိတိန် အောက် လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဘာကိုက ပြောကြားသည်။


သြဂုတ်လ ၁ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ ၌ပြောကြားသည့်မိန့်ခွန်းတွင် ဗြိတိန်အောက် လွှတ်တော် ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုသာ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်မပြုရင် ဘယ်လို ဖွဲ့စည်းပုံ ပြင်ဆင် ချက်မျိုးကိုဖြစ်ဖြစ် နိုင်ငံတကာကလည်း အပေါစား ပြက်လုံး တစ်ခုလို့ပဲ မှတ်ယူသွားမှာ ကျိန်းသေတယ်” ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ် တိုင်သော်လည်းကောင်း၊ မိဘတစ်ပါးပါးသော် လည်းကောင်း၊ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ် သူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံသားတိုင်း သမ္မတနေရာ ယှဉ်ပြိုင်ခွင့်ကို တားမြစ်ထားသော ယင်းပုဒ်မကို နိုင်ငံသား တန်းတူ အခွင့် အရေးကို လေးစားသည့် အနေနှင့် ပြင်ဆင် သင့်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ၎င်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စာအုပ်တွင် အကြံပြုထားသည်။

မြန်မာနိုင်ငံသည် အချုပ်အချာအာဏာပိုင် နိုင်ငံဖြစ်ပြီး အခြေခံဥပဒေ မည်သို့ ပြင်သင့်သည်ကို လေ့ လာသုံးသပ်ရေး ကော်မတီက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းသို့ ကြိုတင် ပြောဆိုချက်မျိုးမှာ ပြည် တွင်းရေးကို ဖိအားပေးခြင်း ဖြစ်ကြောင်း အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောကြားသည်။

ဒီမိုကရေစီ သက်တမ်းရင့်သည့် နိုင်ငံကြီး တစ်နိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်မှာ ပြည် တွင်းရေးကို တိုက်ရိုက် ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကြောင်း၊ အခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်ကို ပြည်သူ က ရွေးချယ်သည့် ကိုယ်စားလှယ်များက ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

“အဲဒီလို တကယ် ပြောတယ်ဆိုရင် ဒီပြောကြားမှုမျိုး ကျွန်တော် လက်မခံပါဘူး” ဟု ဦးသိန်းညွန့်က ဆိုသည်။

ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ပြောကြားထားသည်။

အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဝင်ပြိုင်နိုင်ရေး ပြင်ဆင်ရန် လိုအပ်သည့် ပုဒ်မများကို မပြင်ဆင်လျှင် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီများ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ Ms.Janelle Saffin က ပြောကြား ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဖွဲ့စည်းပေးထားသည်။


0 comments: