Friday, October 05, 2012
0


ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ယခုနှစ် ၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးလိုငွေပြမှုများနှင့် ထပ်မံ ကြုံတွေ့နေရ ကြောင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ကျင်းပသည့်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ထုတ်ဖော်ပြောကြားခဲ့သည်။စီးပွားရေးမြို့တော် ရန်ကုန်အပါအ၀င်ရန်ကုန်တိုင်းဒေသကြီးအတွင်းလျာထားသည့်အကောင်အထည်ဖော်ရမည့်အစီအစဉ်များ၏ ကုန်ကျစရိတ်များကို တွက်ချက်စစ်ဆေးကြည့်ရာတွင် ဘတ်ဂျက်လိုငွေပြမှုမှာ ကျပ်၈၅ဒသမ၆၆၇ ဘီလျံဖြစ်
ကြောင်း ဦးမြင့်ဆွေက ပြောကြားသည်။
ထိုလိုငွေပြရသည့်အချက်များတွင်ရန်ကုန်မြို့တွင်လက်ရှိတည်ဆောက်နေသောခုံးကျော်တံတားလေးစင်း တည်ဆောက်မှု ကုန်ကျစရိတ်များကြောင့်ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။
ထိုလိုငွေများကိုဖြည့်စွက်ခွင့်ပြုငွေအဖြစ်ပြည်ထောင်စုအစိုးရသို့တင်ပြတောင်းခံရန်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခွင့်တောင်း ကြောင်းလည်း ၎င်းက ပြောသည်။
"အခုလိုငွေမှာပါတာတွေက ရန်ကုန်မြို့သုံးနေရာမှာ တည်ဆောက်နေတဲ့ တံတားလေးစင်းအတွက် ကုန်ကျစရိတ်တွေပါဝင်တယ်"ဟု ၎င်းကပြောသည်။
ကမာရွတ်(လှည်းတန်း)၊ ရွှေဂုံတိုင်နှင့် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် တံတား နှစ်စင်းတို့ဖြစ်ကာ ထိုတံတားလေးစင်း အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၄၉ ဒသမ ၃၀၆ ဘီလျံဖြစ်သည်။
"အဲဒီထဲကမှ ကျပ် ၉ ဒသမ၂၃၈ ဘီလျံ ကို လျှော့တောင်းခဲ့ပါတယ်။ ဒါကလည်း လာမယ့်မတ်လမှာ ဒီတံတားလေးစင်းစလုံး မပြီးနိုင် လို့ဖြစ်ပါတယ်။ အစိုးရအဖွဲ့ အနေနဲ့ ရွှေဂုံတိုင်တံတားသည် လေးပုံ သုံးပုံလောက်ပဲ ပြီးနိုင်မယ်ဆိုပြီးတော့ အဲဒီလေးပုံတစ်ပုံတန်ဖိုး ကျပ် ၉ ဒသမ ၁၃၈ ဘီလျံကို ၂၀၁၃-၁၄ ဘတ်ဂျက်နှစ်မှ ပြန်လည်တောင်းခံမှာဖြစ်ပါတယ်" ဟု ဦးမြင့်ဆွေက ပြောသည်။
ယခုရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတားစီမံကိန်း များအတွက် ကုန်ကျမည့်ငွေမှာ ကမာရွတ်(လှည်းတန်း) တံတားအတွက် ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ရွှေဂုံတိုင်တံတား အတွက် ၁၃ ဒသမ ၃၈၀ ဘီလျံ၊ ဘုရင့်နောင်တံတားနှစ်စင်းအတွက် ၂၁ ဒသမ ၄၇ ဘီလျံတို့ဖြစ်သည်။
အဆိုပါလိုငွေများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းတံတားများ ဖောက်လုပ်ခြင်း၊ ကျေးရွာရေရှိရေးနှင့် ဆည်မြောင်းများ တည်ဆောက်နိုင်ရေး တို့အတွက် အလေးပေးသုံးစွဲသွားမည်ဖြစ်ကြောင်းဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က အဆိုပါလိုငွေများကို သုံးစွဲမည့်ဌာန ၁၁ ခု ရှိကြောင်း၊ ပြည်ထောင်စုအစိုးရက တိုင်း ဒေသကြီး အစိုးရအတွက် ခွင့်ပြုငွေမှာ ကျပ် ၁၃၂ ဒသမ ၅၀၂ ဘီလျံဖြစ်ကာ သုံးစွဲ မည့်ငွေပမာဏမှာ ကျပ် ၂၇၀ ဘီလျံဖြစ် သောကြောင့် လိုငွေပမာဏမှာ ကျပ် ၈၅ ဒသမ ၆၆၇ ဘီလျံ ဖြစ်နေကြောင်း ပြောသည်။
ထိုသုံးစွဲငွေများအတွင်းမှ ကျပ် ၉၂ ဒသမ ၀၆၈ ဘီလျံသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သုံးစွဲငွေဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ အဆိုအရ ယခုနှစ် ဘတ်ဂျက်နှစ်တွင် ရန်ကုန်မြို့၌ ကွန်ကရစ်လမ်းများခင်းပေးခြင်းနှင့် ရေပေးဝေမှု တိုးချဲ့နိုင်ရန်လည်း လုပ် ဆောင်နေကြောင်းပြောသည်။
အဆိုပါ ရေပေးဝေနိုင်ရေးအတွက် လာမည့်နှစ်ဆန်းပိုင်းတွင် ငမိုးရိပ်ရေလှောင်တမံစီမံကိန်းမှတစ်ဆင့် ရန်ကုန်သို့ ရေဂါလန် ၄၅သန်း ဖြန့်ဝေပေးနိုင်မည် ဟုလည်း ဦးလှမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ခွဲကာလရှိလာပြီဖြစ်ပြီး အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပြီး လုံခြုံရေးကို ဦးစားပေးခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်လျှင် ထိရောက်သည့် ပြစ်ဒဏ်များ ပေးခဲ့သောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် စက်တင်ဘာလ အတွင်း လူသတ်မှု ၉၉ ခုအပါ အ၀င် ပြစ်မှု ကြီး ၂၁၃ ခု ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

0 comments: