Tuesday, November 20, 2012
0
 
နှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် ထုတ်ဝေသော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ မြဝတီ မဂ္ဂဇင်းတွင် သိန်းစိန်ထွန်း ဆိုသော ကလောင် အမည်ဖြင့် ရေးသားထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ လက်ရာဝတ္ထုတိုတစ်ပုဒ် ဖော်ပြထားသည်ကို တွေ့ရသဖြင့် The VoiceWeekly  စာဖတ်ပရိသတ်များ လေ့ လာ ဖတ်ရှုနိုင်စေရန် မြဝတီ စာတည်း အဖွဲ့ထံမှ ခွင့်ပြုချက် ရယူကာ ပြန် လည် ဖော်ပြအပ်ပါသည်။ 
 
စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ ၄ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။ မီး ညှိရန်အတွက် ဘေး ဘယ်၊ ညာသို့လှမ်း ကြည့်လိုက်သည်တွင် အုတ်ခုံအစွန်း၌ ဆေးလိပ် ထိုင်သောက်နေသည့် ဦးကြီး တစ်ဦးကို တွေ့၍ အနီးသို့ တိုးကပ်လိုက် မိသည်။

"ဦးလေး ... မီးတစ်တို့လောက် နော်"

ဦးလေးကြီး ကမ်းပေးသည့် မီး တရဲရဲနှင့် ဆေးလိပ်ကို လှမ်းယူကာ မီးညှိရင်း ဦးလေးကြီးကို အကဲခတ်သလို ကျွန်တော် ကြည့်လိုက်မိသည်။ အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင်နှင့် ခေါင်းတုံး ဆံတောက်ကို တိုတို ညှပ်ထားသည်။ ဦးလေးကြီး၏ ပုံသဏ္ဌာန် ကိုမြင်လိုက် ကတည်းက စစ်သည် ဟောင်းကြီး တစ်ဦးဖြစ်ကြောင်း ကျွန်တော် အကဲခတ် မိသည်။ သေသပ်စွာ ဝတ်ဆင် ထားသည့် ပင်နီတိုက်ပုံ၏ ညာဘက်အိတ် ကပ်ထက်တွင် တပ်ဆင်ထားသော အဝါ၊ အနီ၊ အစိမ်း သုံးရောင်ခြယ်ကတ္တီပါ အတုံးကလေးထက်မှ တဖျပ်ဖျပ်တောက် နေသည့် ငွေကြယ်ဖြူကလေးသုံးပွင့်ကို လှမ်း၍မြင်လိုက်ရသည်နှင့် ထိုဦးလေး ကြီးကို ကျွန်တော် စိတ်ဝင်စားသွားမိ သည်။
"ဦးလေးက မော်ကွန်းဝင် ပထမ ဆင့်နော်"

ဦးလေးကြီးသည် ကျွန်တော် ကမ်းပေးသည့် ဆေးလိပ်ကို လှမ်းယူရင်း ကျွန်တော့် မျက်နှာကိုမော့ကြည့်ကာ ဖော်ရွေစွာ တစ်ချက်ပြုံးလိုက်သည်။

"ဟုတ်တယ်ကွဲ့ ငါ့တူရဲ့၊ ငါ့တူ က တပ်ထဲကပဲလား"

"ဟုတ်ကဲ့ ကျွန်တော် တပ်မ ( -) ဌာနချုပ်ကပါ။ ကျွန်တော့်နာမည် ဗိုလ်အောင်နိုင်ပါ"

ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ရင်း ထိုဦးလေးကြီးအနားမှာ ပင် ထိုင်လိုက်သည်။

"သြော် - ဗိုလ်ကြီးက တပ်မ(-) ကကိုး၊ ဦးနာမည်က အောင်ထွန်းကွဲ့"

"ဟုတ်ကဲ့ ဦးလေး၊ သိရတာ ဝမ်းသာ ပါတယ်"

ဘတ်စ်ကားကို တိုးဝှေ့ စီးရသဖြင့် စိတ်ကျဉ်းကျပ် လာခဲ့သလောက် အုတ်ခုံ ပေါ်တွင် လွတ်လွတ်လပ်လပ် ထိုင်ပြီး စီးကရက်ကို အားရပါးရ ဖွာရှိုက်လိုက် ရသည့်အခါတွင် ကျွန်တော့်စိတ်သည် ပေါ့ပါး လန်းဆန်း၍ လာသည်။ လွတ် လပ်ခြင်း၊ ကျယ်ပြန့်ခြင်း၏ အရသာကို ကျွန်တော် ခံစား နေရသည်။

"ဒါနဲ့ ဦးလေးက ဘယ်တပ်ကလဲ ဟင်၊ အခုကော တပ်ထဲမှာ ပဲလား"
ဦးလေးကြီးသည် ဆေးလိပ်ငွေ့ များကို မှုတ်ထုတ်လိုက်ရင်း ရီဝေသော မျက်လုံးများဖြင့် အဝေးသို့ ငေးစိုက် ကြည့်လိုက်သည်။

"တပ်ထဲက ထွက်လိုက်တာ ကြာ ပါပြီကွယ်"

"ဟာ ဦးလေးကျန်းမာရေး အခြေ အနေက တော်တော် ကောင်းသေးတာပဲ ဦးလေးရဲ့၊ ကောင်းကောင်း တာဝန် ထမ်းဆောင် နိုင်သေးတာပဲ ဦးလေးရယ်၊ တပ်ထဲက ထွက်တာ စောမနေဘူးလား"

"မစောပါဘူး ဗိုလ်ကြီးရယ်၊ ခြေ တစ်ဖက်မှ မရှိတော့တာ"

"ဟာ ဦးလေးရယ်"
ကျွန်တော့်မျက်လုံးများသည် ဦးလေးကြီး၏ခြေထောက်ဆီသို့ အလို အလျောက် ရောက်သွားမိသည်။ ခြေ အတုတပ်ထားသော ဦးလေးကြီး၏ ဘယ်ခြေထောက်နှင့် အုတ်ခုံဘေးတွင် လှဲချထားသော ချိုင်းထောက်ကို ယခုမှ ပင် ကျွန်တော်သတိထားလိုက်မိသည်။ နီညိုရောင် သစ်သားခြေတုကြီးကို ကြည့်ရင်း ကျွန်တော့် ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။

"ဦးလေး အခုလူနာလာကြည့် တာလား"
"ဟုတ်တယ်ဗိုလ်ကြီး"

"ဒါဖြင့် ဆေးရုံထဲ ဝင်ကြရအောင်၊ ဂိတ်တံခါးဖွင့် နေပြီ၊ ဦးလေးကို ကျွန်တော် ဖြည်းဖြည်း တွဲခေါ်မယ်"

"ရပါတယ်ဗိုလ်ကြီးရယ်၊ မလိုပါ ဘူးကွယ်"

ဦးလေးကြီးသည် ပြောပြောဆိုဆို နှင့် အုတ်ခုံနံဘေးတွင် လှဲချထားသည့် ချိုင်းထောက်ကို ကုန်းကောက်ရင်း ချိုင်းထောက် အကူဖြင့် ထိုင်ရာမှ ထလိုက် သည်။ နှစ်ယောက်သား ဆေးရုံဝင်း အတွင်းသို့ တစ်လှမ်းချင်း ဝင်လာကြသည်။

"ဦးလေးတို့ သားအဖ ကံမကောင်း ကြဘူးကွယ်"

"ဗျာ ဦးလေးတို့သားအဖ ဟုတ် လား"

"ဟုတ်တယ်ဗိုလ်ကြီး၊ အခု ဦးလေး သားကြီးလည်း ဒဏ်ရာရပြီး မနေ့ကပဲ ဒီဆေးရုံကို ရောက်လာတယ် ဆိုလို့ သူ့ကို ဦးလေး လာတွေ့တာ"

"ဖြစ်မှဖြစ်ရလေ ဦးလေးရယ်၊ ဒီလိုဖြစ်ရတာကို ကျွန်တော် စိတ်မကောင်း ပါဘူး။ ကျွန်တော်တို့လည်း စစ်သား ဆိုတော့ ကိုယ်ချင်းစာမိပါတယ် ဦးလေး။

ကျွန်တော်လည်း သင်တန်းတက်ဖို့ အတွက် မနေ့ကမှ ရှေ့တန်း ဌာနချုပ်က ပြန်လာတယ်။ ကျွန်တော် ဌာနချုပ်ကို မရောက်ခင် ခြေလျင်တပ်မှာ နေတုန်းက ကျွန်တော့် တပည့် တစ်ယောက်လည်း ရှေ့တန်းမှာ ဒဏ်ရာရပြီး ဒီဆေးရုံကို ရောက်လာတယ် ဆိုလို့ ကျွန်တော်လာ တွေ့တာ၊ စစ်ပွဲ ဆိုတော့လည်း သေနတ် တွေ၊ ဗုံးတွေနဲ့ ပစ်ကြ၊ ခတ်ကြ၊ တိုက် ကြရတာ မဟုတ်လား၊ ပန်းနဲ့ပေါက် ကြတာ မဟုတ်တော့လည်း ထိကြ၊ ခိုက် ကြတာပေါ့။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး အတွက် တရားသော စစ်ကို တိုက်နေကြ တာပဲမဟုတ်လား။ ပြည်သူ တစ်ရပ်လုံး ကလည်း ကျွန်တော်တို့ ဘက်က ရှိနေ ပါတယ်လေ"

"ဒါပေါ့ ဗိုလ်ကြီးရယ်၊ ဒီကောင် က ကျွန်တော့်ထက် ပိုဆိုးတယ်၊ ကျွန် တော်ကမှ တပ်ထဲမှာ ဒုတိယ အရာခံ ဗိုလ်အဆင့် အထိ တာဝန် ထမ်းခဲ့သေး တယ်။ ဒီကောင် အခု တပ်ကြပ်ကြီးပဲ ရှိသေးတာ၊ အသက်က ဘာရှိဦးမှာလဲ၊ သုံးဆယ့် တစ်နှစ်ပဲ ရှိဦးမယ်"
"ဦးလေးသားက ဘယ်တပ်ကလဲ နာမည်ဘယ်လိုခေါ်သလဲ ဦးလေး"

"မောင်မောင်၊ တပ်ကြပ်ကြီး မောင်မောင်၊ အမှတ်(-) ခြေမြန်တပ်ရင်း က"

ကျွန်တော့်စိတ်ထဲတွင် သံသယ တစ်ခုဝင်လာမိသည်။

"မြခင်ယောက်ျား မောင်မောင် လား ဦးလေး"

ဦးလေးကြီးသည် သူ့ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီးမှ ကျွန်တော့်အား စူးစမ်းသလို မော့ကြည့်လိုက်သည်။
"ဗိုလ်ကြီး ဒီကောင့်ကို သိတယ် နော်"

"မြခင်ယောက်ျား မောင်မောင် လား"ဟု ကျွန်တော် ထပ်မေးလိုက်မိသည်။

"ဟုတ်တယ်ကွဲ့၊ မြခင်ယောက်ျား မောင်မောင်"
.............................................................................................................

"ဗိုလ်ကြီး"

"ဘာတုံးကွ၊ မင်းဘာလာရှုပ်ဦး မလို့လဲ"

တိုက်ပွဲတစ်ပွဲ အတွက် မြေပုံပေါ် တွင် လမ်းကြောင်း သုံးသပ်ရွေးချယ် လျက်ရှိစဉ် ကျွန်တော့်ကို ခေါ်လိုက်သ ဖြင့် ကျွန်တော် စိတ်တိုသွားမိသည်။

မောင်မောင့် အကျင့်ကို ကျွန်တော်သိပြီး ဖြစ်သည်။ ရန်သူနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်ပြီဆိုလျှင် မောင်မောင်တစ် ယောက် အူမြူး နေတတ်သည်။ ရဲဘော် တွေကို စçသည်၊ နောက်သည်၊ ပြောင် သည်။ တပ်စု တပ်ကြပ်ကြီးလည်း မနေ ရ၊ ကျွန်တော့်ကိုပင် ချစ်ခင်စွာ လေးလေးစားစား ပြောလေ့ ဆိုလေ့ရှိ သည်။ သူ့အကျင့်ကို သိထားပြီး ဖြစ်၍ သူ့ကို လှမ်းမေးလိုက်ရသည်။

"ဒီစစ်ဆင်ရေး ပြီးရင် မြခင်ကို တောင်းပေးနော် ဗိုလ်ကြီး"

ကျွန်တော်တို့ တပ်စု ရေအိုးစင် ရွာကလေး၌ တာဝန် ကျသည်မှာ နှစ်လ ခန့်သာ ရှိသေးသည်။ ရွာလယ်ဈေးဆိုင် မှ မြခင်ကို မောင်မောင် တစ်ယောက် မျက်စိကျ နေပေပြီ။ မြခင်ကလည်း မျက်စိကျလောက် စရာပင်။ မလှသော် လည်း အသားညိုစိမ့်စိမ့်၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့်တင်းတင်း၊ မျက်လုံးမျက်ခုံး ကောင်းကောင်း၊ နှာတံပေါ်ပေါ်နှင့် ကြည့်လို့ကောင်း သည်။ ဈေးသည်ပီပီ နှုတ်ချိုသည်၊ ဖော်ရွေသည်။ ထို့ကြောင့်ပင် မြခင်၏ ဈေးဆိုင်၌ ဝယ်သူမစဲ တသဲသဲနှင့် အမြဲလိုပင် စည်ကားနေလေ့ ရှိသည်။

တပ်စုအတွင်း၌ ဈေးဝယ်သည့် အဝယ် တော်ရာထူးနှင့် ပတ်သက်ပြီး မကြာခဏ ပြဿနာဖြစ်ရသည်။ ဈေးဝယ်လွှတ် ကြတော့မည် ဆိုလျှင် သူသွားမည်၊ ငါသွားမည်နှင့် အလုအယက်။ ထိုအထဲ တွင် မောင်မောင် တစ်ယောက် အကဲ ဆုံးဖြစ်သည်။ မြခင်ဆိုင်မှာသာ ဈေးဝယ်ရမည် ဆိုလျှင် မောင်မောင် တစ်ယောက် ကဖြင့် မိုးသဲသဲမဲမဲ ရွာနေ လျှင်လည်း သွားသည်။ နေချစ်ချစ်  တောက် ပူနေလျှင်လည်း သွားသည်။

မြခင်ဈေးဆိုင် အနီးတွင် မည်သို့သော ပြဿနာ ရှိနေစေကာမူ မောင်မောင် တစ်ယောက် ဂရုမထား၊ သွားမည်သာ ပင်ဖြစ်သည်။

"မင်းဟာက ဟုတ်ကော ဟုတ်ရဲ့ လား မောင်မောင်ရယ်၊ ကောင်မလေးက မင့်ကို ကြိုက်လို့လား"

"သေချာပါတယ် ဗိုလ်ကြီးရဲ့၊ မနေ့ကလေ ကျွန်တော်နဲ့ရွာထိပ်မှာ ရေခပ်နေရင်းတွေ့တော့ သူ့မျက်နှာ တစ်ခုလုံး ပြုံးနေတာပဲ၊ မျက်လုံးတွေ ကလည်း အရောင်တဖျတ်ဖျတ်တောက် လို့၊ ပြီးတော့ ..."

"တော်စမ်းပါကွာ မောင်မောင် ရာ၊ မင်းကိုတွေ့တွေ့ချင်း ပြုံးမပြလို့ မဲ့ပြရမှာလား၊ သူများ သားသမီးကို တောင်းတယ်ဆိုတာက နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ရှိမှကွ"
မောင်မောင်မျက်နှာတစ်ချက် ပျက်သွားသည်။

"မြခင်သာ ခွေးကလေး၊ ကြောင် ကလေးဆိုရင် သိပ်ကောင်းမှာပဲ၊ ဗိုလ်ကြီးကိုတောင် သွားမတောင်းခိုင်း ဘူး။ တိတ်တိတ်ကလေး ခေါ်လာပြီး သွားလေရာ ကျောပိုးအိတ်ထဲ ထည့် လွယ်ထားမှာ၊ အခုတော့ လူမကလေး ဖြစ်နေလို့သာပေါ့။"

"ဟေ့ကောင် ... သောက်ရူး၊ တော်စမ်းကွာ"

"ဗိုလ်ကြီး ... တောင်းပေးနော်၊ စစ်ဆင်ရေးမှာ ကျွန်တော် တာဝန်ကျေ အောင် အစွမ်းကုန် ကြိုးစားမယ်၊ စစ်ဆင်ရေး တာဝန် ပြီးရင်တော့ တောင်းပေးပါ ဗိုလ်ကြီးရာ"
ကျွန်တော် ဒီကောင့်ကို စိတ်မ ရှည်နိုင် တော့သဖြင့် မျက်နှာတည်တည် ထားပြီး ဟောက်ပစ်လိုက်ရသည်။

"မောင်မောင် မင်း ... မြခင်ကို စိတ်ဝင်စား တာလား၊ တာဝန်ကို စိတ်ဝင်စား တာလား ပြောစမ်း ..."

မောင်မောင် ခေါင်းငုံ့သွားသည်။ အတန်ကြာမှ ...

"ကျွန်တော် နားလည်ပါတယ် ဗိုလ်ကြီး၊ ကျွန်တော့်ရဲ့တာဝန်ဟာ ဘာလဲဆိုတာ ကျွန်တော်သိပါတယ်"

"သိရက်သားနဲ့ ဘာဖြစ်လို့ အချစ်ရေးကို စဉ်းစားနေရတာလဲ"

"ကျွန်တော် မြခင်ကို တကယ် စိတ်ဝင်စား နေလို့ပါ ဗိုလ်ကြီး"

"လာပြန်ပြီ ဒီမြခင်၊ သွား ဆရာကြီး ကျော်မြကို သွားပြော။ နောက်ထပ် ဆယ့်ငါးမိနစ် ကြာရင် တို့ တပ်စု တစ်စုလုံး ထွက်မယ်လို့၊ မင်း လည်း အသင့်ပြင်တော့၊ သွားတော့ ..."

"ဟုတ်ကဲ့ ဗိုလ်ကြီး"

အလေးပြုကာ လှည့်ထွက်သွား သော မောင်မောင့် ကျောပြင်ကို ငေးစိုက် ကြည့်ရင်း ကျွန်တော် ကျန်ရစ်ခဲ့သည်။
ဇွတ်တရွတ် လုပ်တတ်သော ကျွန်တော့် တပည့်ကျော် မောင်မောင်ကြောင့် ကျွန်တော် တစ်ယောက် မကြာခဏ စိတ် ပူရသည်။ ကြောင့်ကြရသည်။ စိတ်ညစ် ရသည်မှာ များပေပြီ။ ယခုလည်း မကြာခင် စစ်ဆင်ရေး တာဝန် တစ်ရပ် ဆင်နွှဲရတော့မည်။ မြခင်ကို စိတ်ဝင်စား စဉ် တာဝန်ကို မေ့နေတတ်သည့် မောင်မောင့်အတွက် ကျွန်တော့်ရင်မှာ ပူရသည်။

လရောင် ထွက်ပြူစ ပြုသည်နှင့် ကျွန်တော်တို့ စတင် ချီတက် ကြသည်။

မှုန်မွှားမွှား လရောင်အောက် တွင် လမ်းနှင့် ရွာများကို ကွင်းရှောင်ပြီး တောတိုး ချီတက် ကြရသဖြင့် ချွေးသီး ချွေးပေါက်တို့ စိုရွှဲ၍ နေသည်။ မြေဝပ် ငှက်တို့ ရုတ်တရက် ထပျံကြသည်။ မမြင်မစမ်းနှင့်မို့ ခလုတ်တိုက်ပြီး လဲသူ လဲ၊ ချောက်ထဲ ပြုတ်ကျသူ ပြုတ်ကျ၊ တောင်ကျချောင်းကလေး များကို ဖြတ်ကူး ချိန်တွင် ရေစီးနှင့် မျောပါသူ မျောပါနှင့် အခက်အခဲ အမျိုးမျိုးဖြတ်ကျော်ပြီး တစ်ညလုံး ချီတက် ခဲ့ရသဖြင့် အလွန်ပင်ပန်း နွမ်းနယ် နေကြသည်။ တောကြီး မျက်မည်းထဲ၌ ညအချိန် ချီတက်ကြ ရသည့် အခက်အခဲကို ကျွန်တော်တို့ သာလျှင် နားလည်သည်။
မိုးမရွာ၍ တော်သေးသည်။ နံနက် လေးနာရီ မထိုးမီ ရန်သူ့စခန်းသို့ ရောက် ရှိကြပြီး ရန်သူ့စခန်းကို ခဏအတွင်း ဝိုင်းပတ် ထားလိုက်ကြသည်။ မှုန်မွှားမွှား လသည် လုံးဝ ဝင်သွားပေပြီ။ ရောင်နီ ပေါ်မလာ သေးသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေသည်။

အလင်းရောင် လာသည် အထိ ကျွန်တော့် တပ်စုကို အနားပေးပြီး တစ်ညလုံးချီ တက် ခဲ့ရသဖြင့် ကုန်ခန်းသွားသော ခွန် အားတို့ကို ပြန်မွေး ရပေဦးမည်။ သစ်ပင် တစ်ပင်၏ ပင်စည်ကို ကျောမှီရင်း မျက်စိ နှစ်လုံးကို အသာမှိတ်ကာ အမောဖြေ လိုက်သည်။ မှုန်မွှားမွှား လရောင်အောက် တွင် မြင်ထားခဲ့သော ရန်သူ့စခန်းသည် ကျွန်တော့် အာရုံထဲ၌ အထင်းသားပေါ် လာသည်။
သက်ငယ်တဲ ငါးလုံးထက် တွင် ရန်သူတို့သည် အိပ်မောကျ၍ ကောင်းတုန်းပင် ရှိပေမည်။ အချို့သည် လည်း တမလွန် ဘဝ အတွက် အိပ်မက် များပင် မြင်မက်နေပြီလားမသိ။
ကျွန်တော့် မျက်လုံးများ ပြန်ဖွင့်လိုက် ချိန်၌ သောကြာကြယ်သည် မာကျူရီ မီးလုံးကြီးနှယ် မိုးကုပ်စက်ဝိုင်း နှုတ်ခမ်း ထက်၌ တောက်ပ၍ နေပေပြီ။ အရှေ့ ဘက်အရပ်ဆီမှ ရောင်နီ ပေါ်လာပြီဖြစ်၍ ရန်သူ့တဲများကို နောက်ခံ ရောင်ခြည် များ ရှေ့တွင် မှုန်ဝါးဝါး မြင်နေရသည်။

အချင်းချင်း လက်တို့ကာ အချက် ပေးလိုက် သည်နှင့် ရန်သူ့ စခန်းကုန်းဆီသို့ ဝပ်တွား၍ တက်ကြသည်။ ငိုက် မျဉ်းနေသော ရန်သူ့ ကင်းသမားသည် မောင်မောင်၏ လှံစွပ်များနှင့် ထိတွေ့ပြီး တစ်သက်လုံး မနိုးသော အိပ်ခြင်းဖြင့် ငြိမ်သက်စွာ အိပ်ပျော်သွားသည်။

မောင်မောင်၏ ဂျီသရီး ပြောင်းဝမှ သေနတ်သံနှင့် အတူ တိုက်ပွဲစပေပြီ။ လက်နက်ငယ်သံ၊ လက်ပစ်ဗုံးသံနှင့် အမ် ၇၉ ဗုံးပစ်သေနတ်သံတို့ဖြင့် ခဏချင်း ပွက်ပွက်ညံသွားတော့သည်။ မျက်စိရှေ့၌ပင် ရန်သူ့ တဲသုံးလုံး မီး လောင်၍ နေပေပြီ။ တဟုန်းဟုန်း တောက် လောင် နေသည့် မီးရောင်အောက်တွင် သွေးရူး သွေးတန်းဖြင့် အော်ဟစ် ညည်း တွားကာ ခြေဦးတည့်ရာ ပြေးလွှားနေ သော ရန်သူများကို လိုက်လံ ပစ်ခတ် ချေမှုန်းနေရင်း ကျွန်တော့်ရှေ့မှ မောင်မောင် တစ်ယောက် ခွေခနဲ မြေပေါ်သို့ လဲကျ သွားသဖြင့် ကျွန်တော့် ရင်ထဲ၌ ထိတ် သွားမိတော့သည်။

မောင်မောင့်အား ကျွန်တော် ပြေး ပွေ့နေသည့် ခဏအတွင်း၌ပင် တိုက်ပွဲ ပြီးဆုံးသွားသည်။ ရန်သူ့စခန်း တစ်ခု လုံးကို ကျွန်တော်တို့ သိမ်းပိုက် ရရှိလိုက် သည်။

နံနက်ခင်း၏ နေခြည်အောက် တွင် ရန်သူ အလောင်းကောင်များ မြင် မကောင်းအောင် ပုံပျက် ပန်းပျက် ဟိုသည် ပြန့်ကျဲ၍ ရှိနေသည်။ ထို တိုက်ပွဲတွင် မောင်မောင် တစ်ယောက်သာ ညာဘက်ပေါင်တွင် ဒဏ်ရာရပြီး ရန်သူ အသေ ခုနစ်ယောက်နှင့် အရှင် နှစ်ယောက် ဖမ်းမိကာ လက်နက်မျိုးစုံ ၁၀ လက်ရရှိလိုက်သည်။ အရင်းနည်း နည်းနှင့် အမြတ်များများ ရလိုက်သော တိုက်ပွဲ၊ ရန်သူ ဦးကျိုးသွားသော အလှည့် အပြောင်း တိုက်ပွဲပင် ဖြစ်သည်။

တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ သက်စွန့် ဆံဖျား တိုက်ပွဲ ဝင်ခဲ့သော မောင်မောင် အား နိုင်ငံတော်က သူရဲကောင်းမှတ် တမ်းဝင် ချီးမြှင့်ခဲ့သည်။ တပ်ရင်းမှူးက  မောင်မောင့်အား ဒုတိယ တပ်ကြပ် အဆင့်သို့ တိုးမြှင့် ပေးလိုက်သည်။ ကျွန်တော်သည်လည်း မောင်မောင် ဒဏ်ရာပျောက်၍ ဆေးရုံမှ ဆင်းလာသော အခါတွင် သူအလွန်ချစ်သော မြခင်ကို မိသားဖသားပီပီ လူကြီးစုံရာဖြင့် တောင်းရမ်းပေးခဲ့သည်။ ထိုတိုက်ပွဲသည် မောင်မောင့်အတွက် မမေ့နိုင်သော မှတ်တမ်းကလေး တစ်ခုပင် ဖြစ်တော့ သည်။
.........................................................................
လူ့သမိုင်းသည် တက်ချည် ဆင်း ချည်၊ နိမ့်ချည် မြင့်ချည်ဖြင့် ပြောင်းလဲ နေသည်။ တစ်ခါတစ်ရံ ဖြည်းဖြည်းနှင့် မှန်မှန် ပြောင်းလဲ နေသကဲ့သို့ တစ်ခါ တစ်ရံ အရှိန်အဟုန်ဖြင့် ရုတ်တရက် မြန်မြန် ပြောင်းလဲသည်လည်း ရှိသည်။ လူ့ဘောင်အတွက် အကျိုးစီးပွားကို ဆောင်ကြဉ်းသော ဝါဒ စနစ်နှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တို့သည် ကြာရှည်စွာ တည်တံ့ ခိုင်မြဲပြီး ဆိုးသွမ်း ရိုင်းစိုင်း၍ ရက်စက် ယုတ်မာသော ဝါဒစနစ်နှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တို့မှာ လူသားတို့၏ အကျိုးစီးပွားကို မျက်ကွယ် ပြုခဲ့သဖြင့် ခဏချင်း ကျဆင်း ပျက်သုဉ်းကာ ပြည်သူ တို့၏ ဒဏ်ခတ်ခြင်းကို ခံကြရသည်သာ ဖြစ်သည်။

ရိုးမ ဗမာပြည် ကွန်မြူနစ် ပါတီ အဖွဲ့သည် လည်းကောင်း၊ ဗမာပြည်ကွန် မြူနစ် ပါတီသည်လည်းကောင်း ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်သူတို့၏ ဒဏ်ခတ်ခြင်းကို မရှုမလှ ခံကြရပြီး ဗုန်း ဗုန်းလဲကာ ပြိုကွဲ ပျက်စီး သွားခဲ့ရပေသည်။

အလုပ်သမား၊ တောင်သူလယ် သမားများ အပါအဝင် ပြည်သူအများ ကောင်းကျိုးအတွက် တိုက်ပွဲဝင်ခြင်းသည် တရားသောစစ်ကို ဆင်နွှဲခြင်း ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်သည့် တရားသောဘက် မှ တိုက်ပွဲဝင် သူတို့သည်သာ ရေရှည် တွင် အောင်ပွဲဆင်ကြရ စမြဲပင် ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ပြည်သူ အများ၏ အကျိုးစီးပွားအတွက် ကာယ အား၊ ဉာဏအား စွမ်းပကားတို့ဖြင့် စွမ်းအား ရှိသမျှ အစွမ်းကုန် ကြိုးစား တည်ဆောက် နေချိန်တွင် အရှေ့မြောက် ဒေသ ဗကပ တို့သည် ၁၉၆၈ ခုနှစ်မှ သည် ယနေ့ အချိန်အထိ နယ်စပ်ဒေသ များတွင် အဖျက်အမှောင့် လုပ်ငန်းများ ကို အစွမ်းကုန် ပြုလုပ်လျက်ရှိကြသည်။

အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးကာ ခက်ခက်ခဲခဲ ရယူခဲ့သော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့ကို ပျက်သုဉ်းအောင် ဖန်တီး လျက်ရှိပြီး တိုင်းပြည်နှင့်လူမျိုးကို ကျွန် ဇာတ်သွင်းရန်အတွက် အမျိုးမျိုးကြိုးပမ်း လုပ်ဆောင်လျက် ရှိကြသည်။

တိုင်းပြည်နှင့် လူမျိုးဘက်မှ ထာဝရ ရပ်တည်လျက် သမိုင်း အစဉ်အလာ ကြီးမားခဲ့သည့် တပ်မတော်သည် ပြည်သူ တို့နှင့် လက်တွဲကာ အရှေ့မြောက်ဒေသ ဗကပတို့အား ချေမှုန်း တိုက်ခိုက်ခဲ့ရာ တစ်ပွဲပြီး တစ်ပွဲ အောင်ပွဲ ဆင်ခဲ့သည်။တရားသောစစ် အောင်နိုင်ရေး အတွက် ပါဝင် လုပ်အားပေးကြသောပြည်သူများနှင့် တပ်မတော်သည် ထိုးစစ် ဆင်၍ တိုက်ခိုက်လျက်ရှိသည်။ ဗကပတို့ သည် အရူးမီးဝိုင်း ခံနေရသည့်နှယ် စခန်း များကို စွန့်ခွာ၍ တရကြမ်း ဆုတ်ခွာ ထွက် ပြေးနေကြရပေပြီ။

မောင်မောင် တစ်ယောက် အမှတ် (-) ခြေမြန် တပ်ရင်းနှင့် အတူ တိုက်ပွဲ အသီးသီးတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။
ပင်ကိုကပင် သူရ သတ္တိရှိသော မောင် မောင်သည် ၄င်း၏ တပ်ရင်းနှင့် အတူ တကွပင် ရန်သူ့ စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက် ရရှိခဲ့သည်။ ဒုတိယတပ် ကြပ်အဆင့်မှ တပ်ကြပ်အဆင့်၊ တပ်ကြပ် အဆင့်မှ တပ်ကြပ်ကြီးအဆင့်သို့ စစ်ဆင် ရေးအတွင်း၌ပင် စစ်မြေပြင် အဆင့် တိုး မြှင့်ခြင်း ခံခဲ့ရသည်။

ဗပကများ အလုံးအရင်းနှင့် ခုခံ နေသော ပွိုင့်တောင်ကုန်းသည် မောင် မောင်တို့ တပ်ရင်း၏ နောက်ဆုံးရည် မှန်းချက် ဖြစ်သည်။ ထိုတောင်ကုန်းထိပ် ရှိ ရန်သူအား အနီးကပ်ကာ တက်ရောက် လှံစွပ်ထိုး တိုက်ပွဲ ဆင်နွှဲနေစဉ် ရန်သူ့ မိုင်းတစ်လုံး နင်းမိ၍ မောင်မောင် တစ် ယောက် လှေလှော်ရင်း တက်ကျိုးသွားခဲ့ရပေသည်။

ချိုင်းထောက်ကြီး တကားကား နှင့် တရွေ့ရွေ့သွားနေသော မော်ကွန်း ဝင် ဦးလေးကြီးကို အသာတွဲရင်း ခွဲစိတ် ဆောင် အတွင်းသို့ ကျွန်တော်တို့ ဝင်လာ ခဲ့ကြသည်။ အစိမ်းရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသော ခွဲစိတ်ဆောင် တာဝန် ခံ ဆရာမလေး ညွှန်ပြသည့် အတိုင်း မောင် မောင့် အခန်းဆီသို့ ကျွန်တော်တို့ လျှောက် လှမ်းလာကြသည်။

တိုင်းပြည်တွင် မိမိတို့၏ ကိုယ် ခန္ဓာကို စွန့်လွှတ်ရဲကြသော စစ်ဆေးရုံ အတွင်းတွင် တွေ့မြင် ကြရသည့် သူရဲ ကောင်း စစ်သည်များအတွက် ကျွန်တော် ကိုယ်တိုင် စစ်သား တစ်ယောက် အနေဖြင့် ရင်ထဲတွင် ဝမ်းနည်း ဝမ်းသာဖြစ်နေမိသည်။

မသန်စွမ်း စစ်သည်ကလေးများ ကိုကြည့်ရင်း ကျွန်တော့် နံဘေးရှိ ဦးလေး ကြီးကို သတိရကာ ငဲ့စောင်း ကြည့်လိုက် မိသည်။ ဦးလေးကြီး၏ မျက်လုံးအစုံ သည် ကြမ်းပြင်ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေပြီး မေးကြောကြီးများ တင်းနေ အောင် အံကို ကြိတ်ထားသည်။ ကျွန် တော့်ရင်ထဲ၌ မည်သို့ ခံစားရသည်ကို ထိုးဖောက် မြင်သည့်နှယ်။

"ဦးတော့ ဝမ်းမနည်းဘူး၊ စစ်သား တစ်ယောက် အနေနဲ့ အခုလို စွန့်လွှတ်ရဲ တာကို ဂုဏ်ယူတယ်။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ကာကွယ်ရမှာ ဦးတို့၊ ဗိုလ်ကြီးတို့ရဲ့ မွေးရာပါ တာဝန်ပဲ၊ တောက်- ဦးခြေ
ထောက်သာ ကောင်းရင် ဒီရဲဘော်လေး တွေနဲ့ တွဲပြီး ရန်သူကို တိုက်လိုက်ချင် သေးတယ်"

စစ်သားကြီး၏ သံမဏိ စိတ်ဓာတ် ကို ကြားသိ လိုက်သဖြင့် ကျွန်တော့် တစ် ကိုယ်လုံး ကြက်သီးမွေးညင်း များပင် ထသွားမိသည်။
"တော်ပါတော့ ဦးလေးရယ်၊ တိုင်း ပြည်အတွက် ဦးလေးအဖို့ တာဝန်ကျေပွန် လွန်းလှပါပြီ။ ဒီတာဝန်တွေကို ကျွန် တော်တို့၊ မောင်မောင်တို့ တစ်တွေ ပခုံး လွှဲပြောင်း ထမ်းဆောင်နေကြပါတယ်။"

စကားတပြောပြောနှင့် လျှောက် လှမ်းလာကြရာ မောင်မောင့် အခန်းဝသို့ ရောက်သည်တွင် ကျွန်တော် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့် သွားသည်။

မြခင်...။ သေချာပါသည်။ မြခင်မှ မြခင်အစစ်။ မတွေ့ရသည်မှာ လေး၊ ငါး၊ ဆယ်နှစ် ကြာသည့်တိုင် အသားညိုညို၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင်၊  မျက်လုံး မျက်ခုံးကောင်းကောင်းနှင့် မြခင်ကို ကျွန်တော်ကောင်းကောင်း မှတ်မိသည်။ မှန်ပြတင်းမှ ထိုးဖောက် ဝင်ရောက်နေသည့် ဝင်လုဆဲ နေခြည် ဖျော့ဖျော့ အောက်တွင် မြခင်၏ မျက်နှာ သည် ပြုံး၍ နေသည်။

သို့သော် ဝင်းလက် တောက်ပနေ သည့် မြခင်၏ မျက်လုံး အစုံတွင် မျက် ရည်ကြည်တို့ ရစ်ဝိုင်း သိုင်းဖွဲ့လျက်ရှိနေ သည်။မြခင်တစ်ယောက် ပြုံးနေသည် လား၊ ငိုနေသည်လား ကျွန်တော် ခွဲခြား မရ။ သူ့အပြုံးတွင် မျက်ရည်စတွေနှင့်။

"အစ်ကို ...အစ်ကို ဘာမှ အား မငယ်နဲ့နော်၊ မြခင် အစ်ကို့ ဘေးနားမှာ ရှိနေတယ်လေ"

မြခင် အသံသည် တုန်ခါလျက် ရှိ ပြီး လှိုက်လှဲ ကြေကွဲဖွယ် ကောင်းနေ သည်။ မြခင်၏ လက်အစုံသည် မောင် မောင်၏ တစ်ဖက်တည်းသာ ကျန်ရှိသော ညာလက်ရုံးကို တင်းတင်းကျပ်ကျပ်ဆုပ် ကိုင်ထားရင်း တဆတ်ဆတ်တုန်နေ သည်။

"မြခင်လေ ပညာမတတ်ပေမယ့် ဈေးတော့ ရောင်းတတ်ပါတယ်။ ဈေး ရောင်းပြီး အစ်ကို့ကို မြခင် ရှာကျွေးမယ်၊ အစ်ကို ဘာမှ အားမငယ်နဲ့နော်"
ချစ်ခင်ပွန်းကို အားပေးစကား ပြောကြားရင်း မြခင် ရင်တွင်းမှ ရှိုက်သံ သဲ့သဲ့တို့သည် တစ်ချက် တစ်ချက်တွင်တိုးတိုးညင်းညင်း ထွက်လာသည်။

မြခင်၏ မျက်ဝန်း အစုံမှ ပါးပြင် ထက်သို့ တလိမ့်လိမ့် ကျဆင်းလာသည့် မျက်ရည်ပူများကို ယမ်းခိုး ရိုက်ထား သဖြင့် မျက်လုံး နှစ်ဖက်စလုံး ပတ်တီး စည်းထားသော မောင်မောင်တစ်ယောက် မမြင်ရ၍ တော်သေးသည်။

"မြခင် အားမငယ်နဲ့ကွာ၊ အစ်ကို့ မှာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိ တော့ပေမယ့် ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ကျန်နေသေးတာပဲ၊ တိုင်းပြည် တာဝန်ကို ကျရာ အခန်းက အစ်ကိုထမ်းဆောင် နိုင်ပါသေးတယ်ကွာ"

မြခင်ထံမှ ရှိုက်သံတစ်ချက် သိမ့် ခနဲ ထွက်လာသည်။

"မြခင် မင်းငိုနေတာလားဟင်"
မြခင်တစ်ယောက် မျက်ရည်များ ကို ကမန်းကတန်းသုတ်ပြီး ပြုံးလိုက်သည်။

"မငိုပါဘူးအစ်ကိုရယ်၊ မြခင်မငို ပါဘူး၊ မြခင် ဘာဖြစ်လို့ ငိုရမှာလဲ၊ အစ်ကို့အတွက် မြခင် ဂုဏ်ယူလို့ မဆုံး ပါဘူး အစ်ကိုရယ်။ ဆယ်နှစ်ဆယ်မိုး ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ခဲ့တဲ့ အစ်ကို့ လို စစ်သားကောင်း တစ်ယောက်ရဲ့ မိန်းမ ဖြစ်ရတာကိုပဲ ဂုဏ်ယူလို့ မဆုံးပါ ဘူး အစ်ကို"

"မြခင် ..."

"ပြောပါအစ်ကို၊ မြခင်အနားမှာ ရှိပါတယ်"

"အစ်ကို့ သားကြီးကော ပါလား ဟင် ..."

"ပါလာပါတယ် အစ်ကို၊ အစ်ကို့   ခုတင်နံဘေးက ခုံပေါ်မှာ ထိုင်နေပါ တယ်"

"အစ်ကို့သားကြီးကို ခုတင်ပေါ် တင်ပေးစမ်းပါ"

"ဟုတ်ကဲ့ အစ်ကို"
တစ်ဖက်တည်းသာ ကျန်ရှိသော လက်ဖြင့် သားငယ်ကိုတင်းတင်းကျပ် ကျပ်ပွေ့ဖက်ရင်းမှ ...

"သားကြီး"
"ဗျာ ပေပေ"
"ငါ့သားကြီးလာရင် ဘာလုပ်မ လဲဟင် - သား"

သားငယ်သည် မိခင်၏မျက်နှာ ကို သမင်လည်ပြန် ပြန်ကြည့်ကာအတန်ကြာ စဉ်းစား၍ နေသဖြင့် မြခင် ကဝင်ရောက် အားပေးလိုက်သည်။
"သားကြီး - ပြောလိုက်လေ၊ ဖေဖေကြီး မေးနေတာဖြေလိုက်"
"ပေပေ့လို ကြစ်တားကြီးလုပ် မယ်"

"ဒါမှဖေဖေ့ သားကြီးကွ။ ဖအေ့  တာဝန်ကို ပခုံးပြောင်း ယူမယ့် သားကြီး ဟေ့"

ဝမ်းသားအယ်လဲ အော်လိုက်သော မောင်မောင်၏အသံသည် အခန်းတွင်းမှ တုန်ခါ၍ အခန်းဝတွင် ရပ်နေသော ကျွန်တော့်ထံသို့ ပျံ့လွင့်ထွက်လာသည်။

ကျွန်တော့် ရင်တွင်းသို့ ရိုက်ခတ် စိမ့်ဝင် ၍ သွားသည်။

မောင်မောင်၏ တိုင်းချစ်ပြည်ချစ် စိတ်သည် ကျွန်တော့် ရင်တွင်းသို့ သာမက တရားသောစစ်ကို ဆင်နွှဲ နေကြသော ပြည်သူတစ်ရပ်လုံး၏ အသည်းနှလုံး အတွင်းသို့တိုင် ထိုးဖောက် ဝင်ရောက် သွားပေမည်မှာမုချ။

"အေးပါ ... ငါ့သားဟာ စစ်သား ကောင်း တစ်ယောက် ဖြစ်သလို ငါ့မြေး   ဟာလည်း စစ်သားပဲ ဖြစ်ရမယ်၊ အိုကွာ    တို့တစ်မျိုးလုံးဟာ တို့တိုင်းပြည်ကာ ကွယ် စောင့်ရှောက်ဖို့ အတွက် စစ်သား တွေပဲ ဖြစ်ရမယ်ဟေ့"

ချိုင်းထောက်ကြီး တကားကားနှင့် ကျေကျေနပ်နပ်ကြီး ကြုံးဝါးကာ မောင် မောင့်အခန်းတွင်းသို့ လှမ်းဝင်သွား သော စစ်သားအိုကြီး၏ ကျယ်ပြန့်သော  ကျောပြင်ကို ကြည့်ရင် အခန်းဝတွင် ကျွန်တော်တစ်ယောက်တည်း ရပ်လျက် ငေးငိုင်ကာ ကျန်ရစ်ခဲ့သည်။

ဧရာဝတီသည် မြစ်ဖျားမှ သည် မြစ်ဝဆီသို့ တသွင်သွင် အဆက်မပြတ် စီးဆင်း၍ နေသည်။ ယခင်ကလည်း  စီးဆင်း နေခဲ့သည်။ ယခုလည်း စီးဆင်း နေဆဲပင်။ နောင်တွင်လည်း ကမ္ဘာ တည်သရွေ့ စီးဆင်း နေဦးမည်သာဖြစ်သည်။

တိုင်းပြည်ကို ချစ်သော စစ်သား အိုကြီး ဒုတိယ အရာခံ ဗိုလ်အောင်ထွန်း သည် သူ၏ ခြေတစ်ဖက်ကို စတေး၍ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရယူပေးခဲ့သည်။

မော်ကွန်းဝင် စစ်သားအိုကြီး၏ သား စစ်သားကလေး မောင်မောင်၊ ဒုတိယ တပ်ကြပ်မှသည် တပ်ကြပ်ကြီး အထိ စစ်မြေပြင်တွင် ရာထူး အဆင့်ဆင့်  ရရှိခဲ့သော သူရဲကောင်းမှတ်တမ်းဝင်တပ်ကြပ်ကြီးမောင်မောင်၊ ဖခင်၏ မပြီး ဆုံးသေးသော တာဝန်ကို ဖခင်ထံမှ ပခုံးလွှဲပြောင်း ယူကာ ခြေတစ်ဖက်နှင့်  လက်တစ်ဖက် ကို စွန့်လွှတ်၍ တိုင်းပြည် ၏ လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ကာကွယ် ပေးခဲ့သည်။

သြော် -တိုင်းပြည်ကို ချစ်သော ကျွန်တော်တို့ လူမျိုး၏ တိုင်းချစ်ပြည် ချစ်စိတ်သည် သားစဉ် မြေးဆက်တိုင် အောင် ကမ္ဘာတည် သရွေ့ ဧရာဝတီမြစ် ကြီးနှယ်ပင် စဉ်ဆက်မပြတ် တသွင်သွင်  စီးဆင်း နေပေတော့မည် တကား ။ ။

သိန်းစိန်ထွန်း

(မင်းရန်အောင် စစ်ဆင်ရေးမှ တိုက်ပွဲဝင် စစ်သည်များကို ဂုဏ်ပြု လျက်)

0 comments: