ဂျီဘရော်လ်တာဒေသတွင် စပိန်တံငါသည်များ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ဗြိတိတိန်
တော်ဝင်ရေတပ်မှ တိုက်သင်္ဘောတစ်စင်း ယင်းနေရာသို့ ဆိုက်ရောက်လာခဲ့ကြောင်းသိရှိရသည်။ ဂျီဘရော်လ်တာသည် စပိန်နှင့် နယ်နိမိတ်ထိစပ်နေပြီး ဗြိတိသျှ
အစိုးရ၏ စီမံအုပ်ချုပ်မှု အောက်တွင် ရပ်တည်နေသည်။ ပြီးခဲ့သည့်
သီတင်းပတ်ကုန်က စပိန် တံငါသည်များက ဂျီဘရော်လ်တာ ကမ်းလွန်တွင် လူလုပ် သန္တာကျောက်တန်း တစ်ခု တည်ဆောက်ရန် ဒေသဆိုင်ရာ အစိုးရ၏ စီမံကိန်းကို ကန့်ကွက်ခဲ့ကြသည်။
တနင်္လာနေ့တွင်မူ HMSဝက်စ်မင်နစ်စတာစစ်သင်္ဘောသည် ဂျီဘရော်လ်တာသို့ ဆိုက်ရောက် နေရာယူ လာခဲ့ခြင်း ဖြစ်သည်။ ယခုသင်္ဘော ဆိုက်ရောက်မှုသည် မြေထဲပင်လယ်နှင့် ပင်လယ်ကွေ့ နိုင်ငံများသို့ နယ်လှည့် ဆိုက်ကပ်မည့်အစီအစဉ် တစ်စိတ်တစ်ဒေသသာ ဖြစ်သော်လည်း ဗြိတိန်နှင့် စပိန်အစိုးရတို့ကြား ဆက်ဆံရေး အစိုင်အခဲများ ဖြစ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
စပိန် တံငါသည်များက ယခုသန္တာကျောက်တန်းတုသည် မိမိတို့၏ ငါးဖမ်းလုပ်ငန်း အခွင့်အရေးများကို အဟန့်အတား ဖြစ်စေကြောင်းပြောကြားခဲ့သည်။ ဂျီဘရော်လ်တာ ဒေသဆိုင်ရာ အစိုးရကလည်း အဆိုပါ
နေရာတွင် ငါးဖမ်းမှုမပြုလုပ်သင့်ကြောင်း တုံ့ပြန်ခဲ့သည်။ Type 23 အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘော HMS ဝက်စ်မင်နစ်စတာသည် တော်ဝင်ရေတပ်၏ အရန်သင်္ဘောငယ်များဖြစ်သည့် Lyme Bayနှင့် Mounts Bayတို့ ခြံရံကာ ဂျီဘရော်လ်တာသို့ ဝင်ရောက်လာသည်။
ဂျီဘရော်လ်တာတွင် (၁၂)နှစ်ကြာ နေထိုင်ခဲ့သည့် အန်ဒရီရာဂျုံးစ်က "ဂျီဘရော်လ်တာ ဒေသခံတွေ အနေ နဲ့ ခုချိန်မှာပိုပြီးအလေးအနက်တွေးခေါ်သင့်ပါတယ်။ စပိန်ကကျွန်မတို့ ဘာလုပ်လုပ် စိတ်အချဉ်ပေါက်နေ တဲ့နိုင်ငံပါ။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့စွက်ဖက်မှုက နည်းနည်း ဘောင်ကျော်နေတယ် ထင် တယ်" ဟု ပြောကြားခဲ့သည်။
ဂျီဘရော်လ်တာ ရဲတပ်ဖွဲ့မှ အငြိမ်းစား အရာရှိ မိုက်ကယ် ဆန်းချက်ဇ်ကမူ ဗြိတိန် စစ်သင်္ဘောများ ဂျီဘရော်လ်တာတွင် မကြာခဏ လာရောက်နေစေလိုကြောင်း ဆိုသည်။ "ဂျီဘရော်လ်တာဟာ ဗြိတိန်ရဲ့ ထိန်းချုပ်မှုနဲ့ ကင်းကွာသလို ဖြစ်နေပါတယ်။ ဒါကို ရှေ့ဆက် အဖြစ်မခံသင့်တော့ဘူး။ ခုသင်္ဘောတွေ ရောက်လာတာဟာ ပုံမှန် အခြေအနေပါ။ ဒါပေမဲ့ ဒီထက် ပိုပြီးတော့ ကြီးမားတဲ့ လှုပ်ရှားမှုမျိုး လိုအပ်တယ်"ဟု မှတ်ချက်ပြုခဲ့သည်။ HMS ဝက်စ်မင်နစ်စတာသည် Cougar 13ခေါ် စစ်ရေးအလည်အပတ် အစီအစဉ်အရ ဗြိတိန်မှ ထွက်ခွာလာသည့် တိုက်သင်္ဘောကြီး (၄)စင်းအနက် (၁)စင်း ဖြစ်သည်။ အဆိုပါ သင်္ဘောကြီးများ၊ အခြားသင်္ဘော (၆)စင်းနှင့် အရန်သင်္ဘောငယ်များသည် ပို့စ်မောက်သ်နှင့် ပလိုင်းမောက်သ် ဆိပ်ကမ်းများမှ ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ထွက်ခွာလာပြီး မြေထဲပင်လယ်ရှိ ဆိပ်ကမ်းများတွင် လှည့်လည် ဆိုက်ကပ်မည် ဖြစ်သည်။ ယင်းတို့အနက် တိုက်သင်္ဘော တစ်စင်းသည် စပိန်၏ ရေတပ် အခြေစိုက်စခန်း ရိုတာတွင် ခေတ္တ ဝင်ရောက်မည်ဟုလည်း သိရှိရသည်။
Planet Myanmar Network
0 comments:
Post a Comment