Monday, August 12, 2013
0




သြဂုတ်လ ၅ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းဦးက  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်မညီသည့် အမိန့်ကြေညာချက်များဖြင့်  မြုပ်နှံ လုပ်ကိုင်ခွင့်ပြုထားမှုများ ရှိနေကြောင်းကို သက်သေ အချက်အလက်များဖြင့် ထောက်ပြ မေးခွန်း ထုတ်ခဲ့သည်။ 


၎င်း၏တင်ပြချက်တွင် ထုတ်ပြန်ထားသည့် ဥပဒေများနှင့်မကိုက်ညီသည့် မြုပ်နှံမှုများကို ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြူပ်နှံမှုကော်မရှင်၏ လက်တန်းအမိန်ကြော်ငြာစာများကို ထောက်ပြ ခဲ့ပြီး ရှေ့နောက်မညီမှုများကို ဝေဖန်ခဲ့ကာ ပြင်ဆင်သင့်ကြောင်းပြောဆိုခဲ့ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဒေါ်စန်းရီက ဦးဝင်းဦး၏ တင်ပြချက်များ ကို ထောက်ခံကြောင်းနှင့် ပြန်လည်ပြင် ဆင်ရမည်ဖြစ်ကြောင်း ၀န်ခံပြောဆိုခဲ့သည်။

ဥပဒေဆိုသည်မှာရှိနေရုံနှင့်မပြီး လိုက်နာကျင့်သုံးမှုရှိအောင် အစဉ်ထိန်းသိမ်းနေမှအဓိပ္ပာယ်ရှိနေပါလိမ့် မည်။ ဥပဒေသာရှိပြီး လိုက်နာကျင့်သုံးမှုမရှိလျှင်၊ ဥပဒေကတစ်မျိုးလုပ်နေသည်ကတစ်မျိုးဆိုလျှင် ဥပဒေထုတ်ပြန်ထားသည်မှာ အလဟဿသာဖြစ်နေသည့်အပြင် ဥပဒေ၏ တရားမျှတမှုမှာ လည်း မေးခွန်း ထုတ်စရာဖြစ်နေပါသည်။ ဥပဒေဆိုသည်မှာ တစ်သမတ်တည်းသော ကန့်သတ်ချက်သာရှိနေရပါမည်။ လူမျိုး၊ အဆင့်အတန်း၊ ရာထူးအစရှိသည့် မည်သည့်အရာပေါ်မှလိုက်၍ မခွဲခြားဘဲအားလုံးအပေါ် တစ်ပြေးညီ သာတူညီမျှ သက်ရောက်မှုရှိနေရပါမည်။ ထိုကဲ့သို့ မဟုတ်ဘဲ ရှေ့တစ်မျိုး၊ နောက်တစ်မျိုး အခြေအနေပေါ်မူတည်၍ ပြောင်းလဲနေမည်ဆိုပါလျှင် တရားမျှတပြီး သမာသမတ်ကျသည့် ဥပဒေဖြစ်လာနိုင်မည်မဟုတ်ပါ။

0 comments: