Monday, August 12, 2013
0



နှုတ်ခမ်းနီဆိုးဆေး တစ်ရာဖိုး
အလယ်အလတ်စားမိတ်ကပ် နှစ်ရာဖိုး
လက်သည်းနီ ငါးဆယ်ဖိုးခန့်နဲ့ လက်သည်းတစ်စ
ပဲ့ပါသွားရခြင်း အဖြစ်အပျက်ဟာ
ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျောရိုးတစ်ထပ်တည်း။
အမိုးအကာ ၊ ခန်းဆီးလိုက်ကာ ၊ လေပန်ကာကအစ
ကာကွယ်ရေးပိုင်းကိစ္စရပ်တွေမှာ
စံပယ်ပွင့်ဖတ်မလေးဟာ ခွဲစိတ်ခန်းကိုကျွမ်းကျင်တယ်။
မုတ်ဆိတ် ၊ ဂေါ်လီ ၊ ဆီလီကွန်နဲ့
လမ်းဘေးဆေးစား ဘီယာသမားတွေကို ရှောင်တိမ်း
ညက အစိမ်းမဟုတ်ပေမယ့်……
မိန်းမောမှုရသမှာ စံပယ့်ရင်အုံဟာ ဟောဟောထ
မြူးကြွတဲ့တေးတစ်ပုဒ်လောက် ပါလိုက်ရင်ပဲ
ဝတ်လစ်နဲ့ စလစ်ဟာ ပူးတုံခွာတုံ ဖြစ်နေရသူ။
စံပယ်ပွင့်ဖတ်မ ဟာ ၄၅ မိနစ်တစ်ခါ ကော်ဖီသောက်တယ်
ဘ၀ရဲ့ ခါးသက်သီးအတိတ်တွေကို မေ့ထားတယ်
ဘတ်စ်ကားစီးပြီး တက္ကစီတားတယ်
အမှောင်ကြိုက်ပြီး အခန်းမီးဖွင့်တယ်
“ဘားလမ်းမှာမဟုတ်တော့ဘူးရှင့်…..
၃၈ လမ်းပြောင်းသွားပြီ…. ပန်းဆိုးတန်းမှာလည်းရှိတတ်တယ်
ရှင်အားရင်လာခဲ့ပါဦး´´
အဲဒါ စံပယ်ပွင့်ဖတ်မလေ။
တစ်ခါတစ်ခါလိုက်လျောညီထွေ တစ်ခါတစ်ခါ မာမာထန်ထန်
တစ်လောကလုံးကို ခြေကန်ရှာကျွေးနေတဲ့ရုပ်နဲ့
ပါးကွက်ကြားလေးစံပယ်မ ပေါ့။
ဘယ်အထိသွားမလဲ ရောက်စေရမယ်ရှင်ရယ် ဆိုတဲ့
စပယ်ယာပါးစပ်ဟာ သူ့ဆီမှာရှိတယ်
သူမကတော့
ပိုက်ဆံရှာတဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတဲ့လူတွေကို သနားပါတယ်တဲ့
မြနန္ဒာတစ်ကွက်လောက် ထကရှာတယ်
ဘယ်သူမှမဟုတ်ဘူး…. စံပယ်မလေ။
တစ်ဖတ်တောင်မပြည့်တော့တဲ့ ပွင့်ဖတ်လေးကို ရောင်းချရန်
လေးဆယ့်ငါးမိနစ်ကြာအတွက် ကားဂိတ်တစ်နေရာမှာ။ ။

ဥက္ကာကိုကို(သံတွဲ)

0 comments: