Wednesday, October 17, 2012
0
ကချင်ပြည်နယ်ရဲ့ ဖားကန့်ဒေသဟာ ကျောက်စိမ်းသာမက ရွှေသတ္ထုပါထွက်ရှိတာကြောင့် နိုင်ငံတော်ရဲ့ ၀င်ငွေ ကို တစ်ဖက်တစ်လမ်းက တိုးပွားစေသလို ကချင်လက်နက်ကိုင် အဖွဲ့တွေအတွက် ငွေတွင်းကြီးတစ်တွင်း ပိုင်ဆိုင်ထားရသကဲ့သို့ အဖျက်အမှောက်လုပ်နိုင်ဖို့ အထောက်အပံ့တွေရပြီး သက်ဆိုးရှည်နေခဲ့ပါတယ်။ အခုဆိုရင် ဖားကန့်မှာ မင်းမဲ့စရိုက်တွေ ပိုလို့တောင်များလာနေပါတယ်။
ကျွန်တော်က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ။ တရားဥပဒေစိုးမိုးတဲ့ ဒေသမှာ မွေးဖွားကြီးပြင်းလာခဲ့ရပြီး သူ့စည်းသူ့ကမ်းနဲ့ နေလာရင်းကနေ ဖားကန့်ဒေသရောက် ကုမ္ပဏီဝန်ထမ်းဘ၀နဲ့ နေလာခဲ့ပါတယ်။ အခြေအနေ ရှုပ်ထွေနေပေမဲ့ ကျွန်တော်တို့ဖားကန့်ဘက်ကိုတော့ သိပ်ဂယက်မရိုက်သေးဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ် မေလကုန်လောက်မှာ KIA ရဲ့ခြိမ်းခြောက်မှုအလွန်ပြင်းထန်လာလို့ သတ္ထုတွင်းဝန်ကြီးဌာနကနေ ဖားကန့်မှ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေ (၅) လယာယီပိတ်သိမ်းကြောင်း အမိန့်ထွက်လာပြီးနောက်ပိုင်း ကုမ္ပဏီပိုင်ရှင်၊ ၀န်ထမ်းအလုပ်သမားတွေပြန်၊ တူးဖော်ရေးလုပ်ငန်းတွေရပ်၊ လုပ်ငန်းတွေပိတ်သိမ်းနဲ့ နောက်ဆုံး ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေပါ ရပ်တန့်သွားခဲ့ပြီး အလုပ် လက်မဲ့တွေပိုများလာကာ ဒေသခံတွေကအစ စီးပွားရေးတွေကြပ်တည်းလာခဲ့ပါတယ်။

ပိုဆိုးတာက မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ KIA ကဆက်ကြေးဆက်ကောက်ဖို့ အခရာကျတဲ့ သူဌေးကြီးများ၊ လုပ်ငန်းရှင်များမရှိတော့လို့ ၀င်ငွေတွေအကြီးအကျယ်ကျဆင်းပြီး ဆက်ကြေးနှုန်းတွေ၊ (၂)ဆ တိုးမြှင့် ၊ နှစ်စဉ် ကြေးတွေကြိုကောက်၊ နောက်ဆုံးလမ်းဘေးကွမ်းယာဆိုင်ကအစ ဆက်ကြေးကောက်လာခဲ့တယ်။ အကြံကုန် ဂဠုန်ဆားချက်တဲ့အနေနဲ့ ဖားကန့်ဒေသမှာရှိတဲ့ စစ်တပ်တွေကို ထွက်ခွာသွားအောင် သြဂုတ်လကုန်မှာ အင်အားတွေစုပြီးတော့ ဖားကန့်ဗျူဟာကုန်းကို သိမ်းမယ်လုပ်ရင်းကနေ စစ်တပ်လည်းဝင်လာရော တိုက်ပွဲတွေ ဖြစ်ပြီး အကုန်ရှုပ်ကုန်ရော။ KIA ကဖားကန့်အနီးဝန်းကျင်က ရွာတွေမှာ လူမနေရအောင် ဖားကန့်မြို့ပေါ် ရွှေ့ခိုင်းပြီး သူတို့ဝင်နေရာယူလိုက်တယ်လေ။ ဖားကန့်မြို့ကို ၀ိုင်းပိတ်ထားတဲ့သဘောပေါ့။ အဲဒီနောက်ပိုင်းမှာ လုပ်ချင်ရာလုပ်တော့တာဘဲ။ အလုပ်လက်မဲ့ဖြစ်နေတဲ့ ရေမဆေးကျောက်သမားတွေစုပြီး ကုမ္ပဏီကျောက်စိမ်း ဂိုဒေါင်တွေ ဖောက်ယူခိုင်း ၊ အစိုးရနဲ့ ဖက်စပ်လုပ်ကွက်တွေထဲ ရေမဆေးကျောက်သမားတွေကို ၀င်တူးခိုင်းပြီး ရတဲ့ကျောက်ကို (၃၀)% နဲ့တန်ဘိုးဖြတ်ဝယ်တယ်။ ရေမဆေးကျောက်သမားတွေကိုလည်း ခေါင်းပုံဖြတ်တယ် မထင်ရင် ကြက်ကလေးငှက်ကလေးလို သတ်ပစ်နဲ့ လုပ်ချင်သလိုလုပ်နေကြတယ်။ ဖားကန့်ဒေသမှာရှိတဲ့ ရဲတွေကလည်း အင်အားနည်းတော့ ဘာမှမလုပ်နိုင်ဘူး။ လက်ပိုက်ကြည့်နေရတဲ့သဘောဖြစ်နေတယ်။
အဆိုးဆုံးကတော့ လူထုကိုဓားစာခံလုပ်တာ စစ်တပ်ကိုတောထဲတောင်ထဲမှာ တိုက်တာမနိုင်တော့ မြို့ထဲရွာထဲ မှာခိုးကြောင်ခိုးဝှက်နဲ့ အရပ်သားတွေကြားမှာရောပြီးမှ စစ်တပ်ကို မိုင်းနဲ့ချတယ်။ စက်တင်ဘာလ (၁၃) ရက်နေ့ က ညနေ (၃) နာရီကျော်လောက် ကျောင်းဆင်းပြီးကာစ ကျောင်းသူကျောင်းသားတွေ၊ အရပ်သားတွေသွား လာ နေတုန်း မှော်ဝမ်းကုန်းဘက်က စစ်ကြောင်း ဖားကန့်ထဲဝင်လာတယ်။ ဆွတ်ငိုင်ယန်ရွာ အ၀င်မှာ အရပ်သားတွေနဲ့ ရှုပ်နေတုန်း KIA ကမိုင်းခွဲပစ်လိုက်တယ်။ အရပ်သားရော စစ်သားရော တုံးလုံးပက်လက်ပဲ။ ဒဏ်ရာရတာ (၁၀) ယောက်ကျော်မယ်နဲ့တူတယ်။ ပြီးတော့မှ ဘေးပတ်ပတ်လည် အမြင့်စီးကနေ ၀ိုင်းပစ်တာ (၃) နရီကျော်လောက်ကြာမှ တိုက်ပွဲကရပ်သွားတယ်။ အဲဒီကျတော့မှ ဒဏ်ရာရတဲ့လူနာတွေ ဆေးရုံပို့ရတယ်။ အဲဒီအထဲကမှ ကျောင်းသူလေးတစ်ယောက် ဆေးရုံရောက်တာနောက်ကျလို့ ဆုံးသွားတယ်လို့ သိရတယ်။ ဒါတွေက ကျွန်တော့ မျက်စိရှေ့မှာတင်ဖြစ်ပျက်သွားတာတွေ။
ဒါကို တစ်လနီးပါးလောက်ကြာမှ ဖားကန့်က ကိုးတန်းကျောင်းသူလေး မဂျာဆိုင်းအိမ် စစ်တပ်ကပစ်လို့သေသွား ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို တိုင်းထားပါတယ်။ တရားစွဲပါမယ်ဆိုပြီး ဂျာနယ်မှာပါလာတယ်။ KIA ကမိုင်းခွဲလို့ စစ်တပ်က ဗိုလ်တွေရော ရဲဘော်ရော အရပ်သားတွေရော တစ်ပြိုင်တည်း မိုင်းစတွေထိပြီး ဒဏ်ရာ ရကုန်တာကို မြင်သိနေပါလျက်နဲ့ တပ်မတော်ကဘဲ ပစ်တဲ့ပုံစံလိုမျိုးရေးထားတယ်။ ကျွန်တော်ဖြင့် အံ့သြလွန်း လို့ ကလိန်စေ့ငြမ်းဆင်ပြောတဲ့လူကလည်းပြော ပိုက်ဆံရရင်ပြီးရော ဟုတ်ဟုတ်မဟုတ်ဟုတ် ရေးချင်တဲ့လူက လည်းရေး။ လိပ်ကိုကြမ်းပိုးလုပ်တဲ့ဟာတွေက များနေပြီ။ စစ်တပ်က ပြန်တရားစွဲရင် လူလဲသေ ၊ အရေးမတက်၊ အပြောမတက်တော့ တရားလည်းအစွဲခံရနဲ့ ၂ ခါနာဦးမယ်။ KIA ရဲ့အကြောက်တရားနဲ့ လွှမ်းမိုးထားတိုင်း အမှားတွေအမှန်ဖြစ်ကုန်မယ်ဆိုရင် အကုန်ပျက်ကုန်မှာလေ...။ KIA ကဇူလိုင်လ (၁၄) ရက်နေ့က လုံးခင်းရွာထဲ မှာ အိမ်ပေါ်တက်ပြီး ဇော်မန်း (ခ) ဖန်သီးကို သတ်တာ၊ အောက်တိုဘာလ (၁) ရက်နေ့က မှော်ဝမ်းလေးရွာမှာ ခြံထဲဝင်ပြီး နေမင်းနိုင်ကိုသတ်တာ ။ ဘယ်သူမှထည့်မရေးရဲဘူး။ KIA ကိုလည်းတိုင်စာမပို့ရဲဘူးမဟုတ်လား။ ပို့လိုက်ရင် ဇော်မန်း (ခ) ဖန်သီးတို့ နေမင်းနိုင်တို့ နောက်ကို လိုက်သွားရမယ်ဆိုတာ သိနေလို့နေမှာ..။ နေမင်းနိုင်ကို သတ်သွားတာကိုတော့ နောက်ပိုင်း မှာ ညီမလုပ်တဲ့သူက တိုင်တဲ့  စာလေးတော့  အွန်လိုင်းမှာ တက်တယ်တော့ပြောပါရဲ့… ဒါပေမယ့် ဘယ်ဂျာနယ်မှာ မှတော့မတွေ့မိပါဘူးဗျာ…။
ကချင်ပြည်နယ် ၊ ဖားကန့်မှာ ကျွန်တော်ကုမ္ပဏီဝန်ထမ်းနဲ့ နေတာကြာပြီ။ ဒီဒေသထဲမှာ စစ်တပ်က သူ့ဟာသူ နေတာ။ လမ်းမှာ KIA တွေ့တာတောင် တပည့်တွေက လက်ယားပြီးပစ်ချင်နေတာတောင် ခေါင်းဆောင်တွေက မပစ်နဲ့ အရပ်သားတွေနဲ့ ရောနေတယ် ၊ မလုပ်နဲ့တစ်ချိန်းလုံးတားနေတာ။ KIA ကအရပ်သားနဲ့ရောပြီးလာလဲပစ် ရော၊ စစ်တပ်ကခံလိုက်ရတာချည်းဘဲ။ အောက်တိုဘာလ (၉) ရက်နေ့မနက်အစောကြီး လုံးခင်းနားကလယ်ပြင် ရွာထိပ်မှာ အရပ်သားယောင်ဆောင်ပြီး စစ်ကြောင်းတစ်ကြောင်းကို မိုင်းခွဲတိုက်တယ်။ အောက်တိုဘာလ (၁၀) ရက်နေ့ မနက်မိုးတောင်မလင်းသေးဘူး ဖားကန့်မြို့အ၀င်မှာဘဲ စစ်ကြောင်းကို မိုင်းခွဲပြီး အရပ်သားအိမ် တွေကြားဝင်ပုန်းနေတယ်။ အဲဒီနေ့က ရဲဘော် (၄) ယောက် (၅) ယောက်လောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်။ စစ်တပ်က အရမ်းကို သည်းခံနေကြတာ။ သမ္မတအမိန့်၊ စစ်တပ်ကအကြီးအကဲတွေရဲ့ အမိန့်ကို လိုက်နာပြီးနေကြတော့ ဒါကို အခွင့်ကောင်းယူပြီးတော့ KIA ထင်တိုင်းကြဲနေတာလေ။ ဒါတွေကို သတင်းသမား တွေက သိနေတာပဲ။ တံတားတွေမိုင်းခွဲလို့ မြင်းမကောင်းရှုမကောင်းအောင် ပျက်စီးတာတွေ၊ KIA လက် လွတ်စပယ် မိုင်းထောင်/ ပစ်ခတ်လို့ သေကြေဒဏ်ရာရပြီး ဆေးရုံရောက်တာတွေ၊ ဖားကန့်မှာရှိတဲ့ ကုမ္ပဏီတွေ၊ ၀န်ထမ်းတွေ၊ စက်ယန္တရားတွေအတွက် နှစ်စဉ်သိန်းပေါင်းသန်းချီပြီး ပေးနေရတာတွေ ဒါတွေကို ကုမ္ပဏီပိုင်ရှင် တွေ ၊ အစိုးရ၀န်ထမ်းတွေ၊ သတင်းသမားတွေ၊ ဖားကန့်မှာရှိတဲ့ ပြည်သူတွေအားလုံး သိကြတယ်။
“ ပူုတာအိုမှာ ဆန်တွေပြတ်နေပါပြီ၊ ဒေသခံတွေငတ်နေပါပြီ၊ အစိုးရနဲ့စစ်တပ်က လေယာဉ်နဲ့ ဆန်တွေပို့နေ မယ့်လည်း လောက်ငမှုမရှိလို့ ဒုက္ခရောက်နေဆဲပါဘဲ ၊ သေဆုံးမှုတွေလည်း ရှိနေပါပြီ ” ဒါတွေဘဲသတင်းသမား တွေရေးတယ်။ မြစ်ကြီးနားကနေ ပူတာအိုကို မလိခမြစ်အတိုင်းဆန်တက် ၊ တံတားပျက်ရင် လမ်းအပိုင်းလိုက် ကားနဲ့ပိုရင်ရလို့ ဟိုးမိုးဦးစကတည်းက ကုန်သည်တွေက ကားတွေနဲ့ပို့တယ်။ လမ်းမှာ KIA အနေနဲ့ လူသားချင်း စာနာထောက်ထားစွာနဲ့ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ ကုန်စည်စီးဆင်းမှုတွေကို ဖွင့်လှစ်ပေးသင့်ပါတယ်။ တံတားတွေကိုလည်းမချိုးနဲ့။ လမ်းတွေကိုလည်းမဖျက်ပါနဲ့လို့ အစိုးရနဲ့ စစ်တပ်သတင်းစာကဘဲရေးတယ်။ အခြားဘယ်ဂျာနယ်တွေကမှ ထူးထူးခြားခြားလေးလေးနက်နက်မရေးဘူး။ အစွန်းရောက်ရင် ပုဂ္ဂိုလ်ရေးဆန်ရင် သတင်းသမားမလုပ်သင့်ဘူး။ ဒီလိုသတင်းသမားနဲ့ သတင်းမျိုးတွေကြောင့် (၁၉၈၈) ခုနှစ်မှာ တိုင်းပြည် ကသောင်းကနင်း ဖြစ်ခဲ့ဖူးပြီ။ သတိတရားရှိသင့်ပြီ၊ အမှန်ကိုအမှန်အတိုင်းသိသင့်ပြီ.....။

(မောင်သစ္စာ (ဖားကန့်မြေ)

0 comments: