Saturday, October 06, 2012
0
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အငြိမ်းစား ပင်စင်စားဝန်ထမ်းများ သည် အကြောင်းအမျိုးမျိုးကြောင့် ပင်စင်ထုတ်ယူရာတွင် အခက်အခဲ များရှိနေသည်ဆိုပါက ၎င်းထံသို့ တိုက်ရိုက်တိုင်ကြားပြောဆိုနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင် ဘာလ ၂၈ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း တင်သွင်းသည့် ပင်စင်စားများ ပင်စင်လစာငွေ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ပတ်သက်သည့်အဆိုကို လွှတ်တော် ကိုယ်စားလှယ်သုံးဦးက ဆွေးနွေးအပြီးတွင် ၀န်ကြီးချုပ်က ထိုကဲ့သို့ပြောဆိုခဲ့ ခြင်းဖြစ်သည်။
လက်ရှိအရပ်သားအစိုးရတက်လာပြီးသည့်နောက်ပိုင်းတွင် ပင်စင် စားများအတွက် ယခင်ကနည်းပါးလှသည့် ပင်စင်လစာငွေများကို တိုးမြှင့်ပေးခဲ့ရာ ယခင်က ပင်စင်ငွေထုတ်ယူခဲ့ခြင်းမရှိခဲ့သည့် ပင်စင် စားများက ပင်စင်ဦးစီးဌာန၌ ပင်စင်ထုတ်ယူရန် ပြန်လည်ဆောင် ရွက်လာကြရာတွင် အချက်အလက်များ မပြည့်စုံဟူသော အကြောင်း ပြချက်ဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ မြောက်မြား လှစွာသော လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသောကြောင့် ပင်စင်စားကြီးများ အခက်တွေ့ရကြောင်းကို ဒေါက်တာညိုညိုသင်းက ထောက်ပြ ပြောကြားသည်။
"ကျွန်မဆီကို စာပို့တိုင်ကြားတဲ့သူတွေ ထဲမှာ ဌာနဆိုင်ရာဝန်ထမ်း တွေက တောင်းတဲ့ စာရွက်စာတမ်းများလွန်းလို့ ပင်စင်ထုတ်ဖို့ အခက်အခဲဖြစ်နေကြတဲ့ ပင်စင်စားကြီးတွေ အများကြီးဖြစ်နေ တယ်လို့ သိရပါတယ်"ဟု ဒေါက်တာ ညိုညိုသင်းက ပြောခဲ့သည်။
သက်ပြည့်ပင်စင်ရယူကာ အစိုးရ ၀န်ထမ်းဘ၀မှ အနားယူခဲ့ကြသည့် ၀န်ထမ်းဟောင်းကြီးများသည် ယခင်က မပြောပလောက်သည့် ပင်စင်ငွေ အနည်းငယ်ကြောင့် အချိန်ကုန်၊ လူပန်း ဒဏ် မခံနိုင်ကြတော့ဘဲ ပင်စင်လစာငွေ မထုတ်သူဦးရေ များစွာရှိခဲ့သည်။
သို့ရာတွင် ခေတ်စနစ်နှင့်လျော်ညီသည့် ပင်စင်လစာငွေများကို ယမန်နှစ်က တိုးမြှင့်ပေးလိုက်ချိန်တွင် ပင်စင်ငွေ လာရောက်ထုတ်ယူ သူ များပြားလာသောကြောင့် အချက်အလက် ပြည့်စုံပါက အနည်းဆုံး ငါးရက်မှ အများဆုံး ၁၄ ရက်အတွင်း ပင်စင်လစာငွေထုတ်ပေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး၊ ဒေါ်စန်းစန်းနွယ်က ပြောသည်။
၎င်း၏အဆိုအရ ပင်စင်လစာငွေလာ ရောက်ထုတ်ယူသူများ ကြုံတွေ့ရသော အခက်အခဲများတွင် ၎င်းတို့ပင်စင်ယူခဲ့သည့် အစိုးရဌာန မှ ထောက်ခံချက်မပါရှိခြင်း အပါအ၀င်၊ အချို့ထောက်ခံချက် အပြည့်အစုံမပါရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောသည်။
ပင်စင်အမျိုးအစားများတွင်လည်း၊ သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်နှင့် မိသားစုပင်စင်တို့ ပါဝင်ရာ အဆိုပါ အမျိုးအစားများအလိုက် ပင်စင်စားတို့ ပူးတွဲတင်ပြရန် လိုအပ်ချက်များမှာလည်း များပြားလှသည်။
ထိုများပြားလှသော လိုအပ်ချက်များကြောင့် ပင်စင်ငွေထုတ်ယူရန် ပင်စင်စားများအနေဖြင့် ရုံးများသို့ အခေါက်ခေါက် အခါခါ သွားရသဖြင့် ကျန်းမာရေးအရ သော်လည်းကောင်း၊ လူမှုရေးအရသော် လည်းကောင်း အခက်အခဲများရှိနေ သောကြောင့် ပင်စင်လစာငွေမထုတ်ဘဲ ထားသည့် ပင်စင်စားများစွာရှိနေရခြင်း ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။
"ဒီလိုလစာငွေထုတ်ယူရာမှာ အခက် အခဲတွေမဖြစ်ရအောင်လို့တော့ အမြန် ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။ လိုအပ်ရင် ဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ်ဆီကိုကော ကျွန်တော့ဆီကိုပါ တိုင်ကြားနိုင်ပါတယ်" ဟု ဦးမြင့်ဆွေက ပြောသည်။
အစိုးရ၀န်ထမ်းဘ၀ဖြင့် နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါးခန့် အစိုးရတာဝန်ထမ်း ဆောင်ခဲ့သော်လည်း သက်ပြည့်ပင်စင် ယူကာ အငြိမ်းစားယူသွားကြသည့် ၀န်ထမ်းများ၏ဘ၀သည် မိသားစု အတွင်း၌လည်း စိတ်ကျ ရောဂါများနှင့် ရင်ဆိုင်နေရတတ်ကာ၊ အိမ်ထောင်စု တွင် လူပိုအဖြစ် မိမိကိုယ်မိမိ ထင်မြင် လာတတ်သောကြောင့် သက်တမ်းစေ့ နေနိုင်ခြင်းလည်း မရှိကြကြောင်း ပင်စင် စားများ၏ လက်ရှိဘ၀ကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဖြည့်စွက် ထောက်ပြ ပြောဆိုသည်။
ပင်စင်စားတို့၏ ဘ၀နေညိုချိန်တွင် အချိန်ကုန်၊ လူပင်ပန်းမခံနိုင်ကြတော့သောကြောင့် မိသားစုကို တစ်ဖက်တစ်လမ်းက မိမိတို့ဝင်ငွေ လေးဖြင့် ထောက်ပံ့ပေးလိုကြသော အဆိုပါပင်စင်စားတို့ အတွက် မလိုအပ်ဘဲ စာရွက်စာတမ်းများစွာ တောင်းဆိုပြီး အချိန်ကုန်မနေ စေရန် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်ပေးစေလိုကြောင်း လွှတ်တော် ကိုယ်စားလှယ်များကတောင်းဆိုခဲ့ သည်။
လက်ရှိအချိန် တစ်နှစ်တာကာလ အတွင်း၌ ပင်စင်စားလစာတိုးမြှင့်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပင်စင်ငွေလာထုတ်သူ ပေါင်း တစ်သိန်းကျော်ခန့်ကို လစာငွေများထုတ်ပေးနိုင်ခဲ့ ပြီးဖြစ်သည်ဟု သိရသည်။

0 comments: