Wednesday, October 17, 2012
0
လယ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မစုစုနွေး က ပြောသည်။

တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ကာ ဖွဲ့စည်းနေကြောင်း မုံရွာမြို့သို့
ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တောင်သူလယ်သမား သမဂ္ဂ (မုံရွာခရိုင်) ပေါ့။ ၃ဝ ရှိရင် အသင်းအဖွဲ့ ဖွဲ့ခွင့်ရှိတယ်လေ။ ကျမတို့မှာ ၃ဝ မကပါဘူး။ ရပ်/ကျေး အဆင့်သမဂ္ဂ အဖွဲ့တဖွဲ့တိုင်းမှာ အနည်းဆုံး အလုပ်အမှုဆောင် ၄ဝ-၅ဝ ရှိတယ်။ ဝင်ခွင့်လျှောက်လွှာမှာမည်သူမဆိုဝင်ခွင့် ပေးထားတယ်။အဓိကက မြန်မာတနိုင်ငံလုံးဆိုင်ရာ   တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ချုပ်ကြီးပေါ်ပေါက်ဖို့ပဲ” ဟု ပြောကြားခဲ့ သည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအုပ်စုများ စုစည်း၍ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်ပေါင်း ၁ဝ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တိုင်းပြည်၏ အခြားနေရာများကဲ့သို့ စစ်ကိုင်းတိုင်းတွင်လည်းလယ်ယာမြေသိမ်းခံရမှုများ ဖြစ်ပွားနေကြောင်း သူက ဆက်ပြောသည်။

“ဓါးမဦးချ တောင်သူတွေက တောရိုင်းမြေတွေကို ခုတ်ထွင်တယ်ရှင်။ တောရိုင်းတွေ ကျသွားတော့ ထွန်ကြယက်ကြတယ်။ မြေတွေ ကောင်းလာတော့ကုမ္ပဏီတွေကသူတို့ပိုင်ဆိုင်တယ်ဆိုပြီး ပြောလာတယ်ရှင်။ တဧကကို သိန်း တရာကျော်လောက် ရှိတယ်။ တောင်သူတွေ သွားပြောတဲ့ အခါကျတော့ ဥပဒေနဲ့ ရှင်းတယ်ပေါ့။ ပုဒ်မတပ် တရားစွဲ ခံနေရတဲ့ တောင်သူတွေ တရားရုံးမှာ ရင်ဆိုင်နေရတာတွေ ရှိနေတယ်” ဟု မစုစုနွေး က ဆိုသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်တို့ ဖက်စပ် လုပ်ဆောင်သည့် ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှလည်း လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော် သိမ်းယူထားသည်။

လယ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ရေး အစိုးရအား တရားဝင်တင်ပြသွားမှာဖြစ်ပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် သင်တန်းများ၊ တောင်သူများ သိသင့်သိထိုက်သည့် ဥပဒေများအား ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ပို့ချသွားမည်ဟု ဆိုသည်။

“ဘဘ ဝိဓူရ သခင်ချစ်မောင်တို့ လုပ်ခဲ့တဲ့ အတိုင်းပဲ ကျမတို့လုပ်မယ်။ အရင် တောင်သူလယ်သမား သမဂ္ဂအလံကအနီအောက်ခံမှာကြယ်ဖြူတလုံးတည်း။ဘဘတို့ ခေတ်တုန်းကတရားပွဲတွေ၊ ဟောပြောပွဲလုပ်ခဲ့ တယ်။ တောင်သူလယ်သမားတွေကိုအကာအကွယ်ပေးဖို့တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တောင်သူလယ်သမားအဖွဲ့ကြီး တဖွဲ့ ပေါ်ဖို့ ကြိုးစား ခဲ့ဖူးတယ်” ဟု မဇ္စျိမကို ပြောသည်။

၁၉၃၉ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်လာသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဗတလစ)ကို သခင်မြ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသည်တို့က အမှုဆောင်များအဖြစ် ပါဝင်ကာ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ရှေ့တန်းမှ ညီညွတ်စွာ ပါဝင်ခဲ့ကြသည်။

တလညစ ကိုမူ လွတ်လပ်ရေးရပြီး ၁၉၅ဝ ခုတွင် အာဏာရ ဖဆပလ ၏ ဆိုရှယ်လစ် ပါတီတွင်းမှ သခင်ချစ်မောင်တို့ ဆိုရှယ်နီများ ခွဲထွက်ပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ ပမညတ တွင် ပါဝင်ခဲ့သည်။

သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ စစ်အာဏာသိမ်းပြီးနောက် ဗတလစ၊ တလညစ တို့အပါအဝင် သမဂ္ဂအားလုံး တရားမဝင် ဖျက်သိမ်းခံခဲ့ရသည်။

0 comments: