Monday, October 15, 2012
1
ဒီမိုကရေစီတွင် ပြည်သူလူထုသည် မဲတစ်ပြားဖြင့် ထိန်းပိုင်ခွင့် ရှိပြီး လုပ်ပုံ၊ လုပ်ဟန်နှင့် ပြောတာ တွေမကြိုက်ပါက နောင်ရွေးကောက်ပွဲတွင် မဲမပေးခြင်းဖြင့် ဒဏ်ပေးလို့ရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာလ ၁၁ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ်သို့ ရောက်ရှိစဉ် လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
“ဒီမိုကရေစီမှာ ပြည်သူတွေက ထိန်းပိုင်ခွင့်ရှိတယ်။ ဘာနဲ့ထိန်းလဲဆိုတော့ မဲလေးတစ်ပြားနဲ့ ထိန်းသွားပါတယ်။ လုပ်ပုံ၊ လုပ်ဟန် တွေ၊ ပြောတာတွေကိုမကြိုက်ဘူး ဆိုရင် နောက်ရွေးကောက်ပွဲမှာ မဲမပေးခြင်း အားဖြင့် ပြည်သူလူထုက ဒဏ်ပေးလို့ရပါတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေဟာ ကိုယ့်ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကိုသိသ လို တာဝန်တွေကိုလည်း သိရမယ်။ အခုကတည်းက ဘယ်သူတွေက ဘာလုပ်နေတယ်ဆိုတာကို လေ့လာရမယ်။ လေ့လာတဲ့အခါမှာ အပေါ်ယံကြော မလေ့လာပါနဲ့ နက်နက်နဲနဲလေ့လာပါ။ အပြောကောင်းတာနဲ့လည်း မယုံပါနဲ့ အလုပ်ကိုလည်းကြည့်ပါ။ အလုပ်လုပ်တာတောင်မှ အလုပ်ကောင်းလား မကောင်းလားဆိုတာ က ကြည့်ရပုံ အမျိုးမျိုးရှိတယ်။ တချို့ကျတော့  အလုပ်က ကောင်းတယ်။ ဥပမာ ဆရာဝန်တစ်ယောက် ဆိုပါတော့။ ဆရာဝန်ဆိုတာ ပြည်သူတွေ ရဲ့ကျန်းမာရေး၊ လူသားတွေရဲ့ကျန်းမာရေးအတွက် လုပ်နိုင်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ။ ဒါပေမယ့် ဒီဆရာဝန်က သူရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ပညာတွေကို သူချမ်းသာဖို့ အတွက်ပဲစဉ်းစားတယ်။ ပိုက်ဆံတွေ အရမ်းယူတယ်။ လူနာတွေအတွက် မကြည့်ဘူးဆိုရင် သူ့အလုပ်က ကောင်းပေမယ့် သူ့လုပ်ပုံလုပ်နည်းက မကောင်းတော့ဘူး။ တချို့ကျတော့ လုပ်တဲ့အလုပ်ကလည်း ကောင်းပါတယ်။ သူကလည်း စေတနာကတော့ မှန်ပါတယ်။ ဒါပေမယ့် မလုပ်တတ် မကိုင်တတ်တာတွေလည်း ရှိတယ်။ ပြည်သူတွေအားလုံးက နိုးကြားတက်ကြွပြီးတော့ သေသေချာချာ လေ့လာထားမှကောင်းတဲ့ အစိုးရ ပေါ်လာမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“ကျွန်မတို့အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေကို ထိန်းပါ။ ဝေဖန်စရာရှိရင်ဝေဖန်ပါ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ယဉ်ယဉ်ကျေးကျေးနဲ့ ဝေဖန်တတ်အောင် လို့တော့ လေ့ကျင့်ယူရမယ်။ ဝေဖန်တာတောင်မှ ဝေဖန်ပုံအမျိုးမျိုးရှိတယ်။ ဝေဖန်စရာရှိရင်ဝေဖန်ပါ။ အဲဒီနည်း နဲ့ထိန်းသွားပါ။ ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ဆုံးမတာ၊ ပြည်သူလူထု ရဲ့ ဝေဖန်တာ၊ ပြည်သူလူထုထိန်းတာကို ခံသွားမယ့်အဖွဲ့အစည်းပါ။ ကျွန်မတို့ဒီလို အနှစ်နှစ်ဆယ်ကျော် ရပ်တည်နိုင်တာကလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် ကျွန်မတို့ ရပ်တည်နိုင်ခဲ့တာပါ “ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

1 comments:

Anonymous said...

ေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ