Wednesday, October 17, 2012
0
 
 ' Mazda အုပ်စုဝင် လေလံယာဉ်များအားလုံး အပ်နှံဖျက်သိမ်းနိုင် ' ဟု အောက်တိုဘာလ ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိခဲ့သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အပ်နှံမှု လက်ခံပေးခြင်းမရှိသေး "

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် " ယာဉ်အိုယာဉ်ဟောင်း အပ်နှံဖျက်သိမ်း၊ အစားထိုးတင်သွင်းခြင်း စီမံချက်တွင် လေလံပြန်လည် မှတ်ပုံတင်ယာဉ်များအနက် Mazda အုပ်စုမှ ကျန်ရှိသည့် ယာဉ်အမျိုးအစားအားလုံးကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်မှ စတင်၍ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးပြည်နယ်ရုံးများတွင် ယာဉ်ပိုင်ရှင်၏ ဆန္ဒအရ ဖျက်သိမ်းအပ်နှံခြင်းအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်" ဟု ပါရှိခဲ့သော်လည်း အဆိုပါ သတင်းပါရှိခဲ့သည့် ယနေ့တွင်ပင် ယင်းကဲ့သို့ ယာဉ်များအပ်နှံမှုကို လက်တွေ့လက်ခံပေးခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါသတင်းပါရှိလာမှုကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်အပ်နှံကြသော ယာဉ်တန်းကြီးမှာ သက်ဆိုင်ရာနေရာများတွင် စီတန်းစောင့်ဆိုင်းလျက် ရှိကြောင်း သတင်းရရှိသည်။
ယင်းနှင့်ပတ်သက်၍ စုံစမ်းကြည့်ရာတွင် အဆိုပါသတင်းမှာ ကနဦး သတင်းဖြစ်နိုင်ပြီး ဌာနမှ တရားဝင်ထုတ်ပြန်ပေးသော သတင်းဖြစ်ကာ လုပ်ငန်းစီမံချက်များမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်ရုံးများသို့ ညွှန်ကြားချက်စာ ၀င်ရောက်မှု မရှိသေးခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
" နိုင်ငံပိုင် သတင်းစာမှာ သတင်းစဉ်သတင်းဆိုပြီး ပါတဲ့အတွက် တိကျသေချာတဲ့ ဌာနဆိုင်ရာ သတင်းပါ။ ဒီအတွက် လေလံယာဉ်တွေ အပ်နှံဖို့ လုပ်ကြတဲ့အခါ ကညန က သူတို့ဆီကို ညွှန်ကြားချက်၊ စာမ၀င်သေးဘူး။ ဘာမှ မသိရသေးဘူးဆိုပြီး အပ်နှံယာဉ်တွေကို လက်ခံပေးတာ မရှိပါဘူး။ ဒီအတွက်လည်း ကားတန်းကြီးကလည်း အရှည်ကြီးပါပဲ။ စောင့်ဆိုင်းနေကြတာ။ တစ်ကယ်တော့ သတင်းတစ်ခု ထုတ်ပြန်ပြီဆိုရင် အကျိုးသက်ရောက်မှု များစွာရှိတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေ အချင်းချင်း ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အရမ်းအားနည်းပါတယ်။ သူမသိဘူး၊ ငါမသိဘူး။ ညွှန်ကြားချက်မလာသေးဘူးဆိုတဲ့ လွှဲချမှုတွေ မရှိသင့်တော့ပါ ဘူး။ ခေတ်အခြေအနေ ပြောင်းလဲလာပြီး ပွင့်လင်းမြင်သာမှုကို ဦးစားပေး သွားနေတဲ့အနေအထားမှာ အောက်ခြေက ဌာနဆိုင်ရာတွေမှာ လည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဌာနအချင်းချင်း ချိတ်ဆက်ဆောင် ရွက်မှုတွေ လုပ်သင့်ပါတယ်" ယာဉ်အပ်နှံရန် စောင့်ဆိုင်းနေသူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း စီမံချက်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် မှတ်ပုံတင် သက်တမ်း နှစ် ၄၀ ကျော် " စ" ၊ " ဆ" ၊ " ဇ" အက္ခရာယာဉ်များကို ပထမအဆင့်ဖြင့်လည်းကောင်း၊ ယင်းနှစ် နိုဝင်ဘာလ ၈ ရက်တွင် နှစ် ၃၀ ကျော်မှ နှစ် ၄၀ အတွင်း " ဈ" ၊ " ည" အက္ခရာယာဉ်များကို ဒုတိယအဆင့်အဖြစ်လည်းကောင်း၊ ယခုနှစ် ဇန်န၀ါရီလ ၂၀ ရက်တွင် နှစ် ၂၀ ကျော်မှ နှစ် ၃၀ ကျော်အတွင်း "ဏ" မှ " ဗ" အက္ခရာအထိ ယာဉ်များကို တတိယအဆင့်အဖြစ် လည်းကောင်း ယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရ ဖျက် သိမ်းအပ်နှံဆောင်ရွက်ခဲ့သည်။ ယင်းသို့ စတင်ဆောင်ရွက်ခဲ့ရာတွင်လည်း ရုတ်တရက်သတင်းကြေညာထုတ်ပြန်ခဲ့ပြီး မိုဒယ်လ်နိမ့်ကားလောကတွင် ဂယက်ရိုက်ခတ်ခဲ့ရသည်။ မိုဒယ်လ်နိမ့်ကားဟောင်းဈေးကွက်တွင် ဈေးရုတ်တရက် မြင့်တက်ခဲ့ပြီး ကားဟောင်းလဲလှယ် စလစ်ဈေးများလည်း မြင့်တက် ခဲ့သည်။ တဖြည်းဖြည်း ကားဟောင်းအပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့မှုကြောင့် စလစ်ဈေးများ ကျဆင်းခဲ့သော်လည်း မူဝါဒ အမျိုးမျိုးပြောင်းလဲခြင်း နှင့် ထပ်မံအပ်နှံရမည့် ယာဉ်များအား ကြေညာခြင်း မပြုသေးခြင်းတို့ကြောင့် စလစ်ဈေးများ ပြန်လည်မြင့်တက်ခဲ့သည်။ ယခုအခါ လေလံပြန်လည် မှတ်ပုံတင်ယာဉ်များဖြစ်သည့် Mazda အုပ်စုမှ ကျန်ရှိသည့် ယာဉ်အမျိုးအစားအားလုံးကို အောက်တိုဘာလ ၁၆ ရက်မှ စတင်ကာ သက်ဆိုင်ရာ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများတွင် ယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းအပ်နှံခြင်းအား လက်ခံဆောင်ရွက် ပေးမည်ဟု ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
" အရင်က လေလံယာဉ်တွေတုန်းကလည်း လေလံဆွဲခဲ့ကြတာ ကားကဟောင်းနေပေမယ့် နံပါတ်တွေက မြင့်နေတယ်။ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းတော့ အက္ခရာနဲ့ လက်ခံတဲ့အခါ ဒီကားတွေ ကျန်နေရတယ်။ လေလံယာဉ်တွေလည်း အပ်နှံဆောင်ရွက်ပေးတဲ့အတွက် ပြန်လည်လဲလှယ်ကြပေမယ့် အရင်ကတည်းက ဒီလိုအစီအစဉ်မျိုးတွေရှိမယ်ဆိုရင် လေလံဆွဲဖြစ်ချင်မှ ဆွဲဖြစ်မှာပါ။ မူဝါဒတွေ အမျိုးမျိုးပြောင်းလဲတဲ့နေရာမှာ ပြည်သူတွေပဲ ခံစားကြရပါတယ်။ မိုဒယ်လ်နိမ့်ကားတွေတုန်းကလည်း ဘုမသိ ဘမသိနဲ့ ရောင်းလိုက်ကြရတဲ့သူတွေအများကြီး။ ကြိုတင်သတင်းတွေရပြီး တစ်ယောက် ကို အစီး ၂၀ ၀ယ်လိုက်တဲ့သူနဲ့။ အစီး ၄၀ လောက် ရလိုက်တဲ့သူနဲ့။ တစ်ကယ်တန်း ကားဟောင်းပိုင်ရှင်တွေ မခံစား လိုက်ရပါဘူး။ အသစ်မ၀ယ်နိုင် လို့ အဟောင်းလေးကို ဆီထုတ်စားနေတာ။ လဲရမယ်ဆိုတော့လည်း ရောင်းလိုက်ကြတယ်။ ယာဉ်အသစ်နဲ့လဲဖို့ အတွက် ငွေမလိုက်နိုင်ဘူးလေ။ နောက်ဆုံးတော့ လက်ရှိကနေ လက်မဲ့ဖြစ်သွားကြရတယ်" ဟု ယာဉ်ပိုင်ရှင်တစ်ဦးကပြော သည်။
ယခုကြေညာချက် ထုတ်လိုက်သော လေလံပြန် လည်မှတ်ပုံတင် ယာဉ်များဖြစ်သည့် Mazda အုပ်စုဝင်များမှ B360 ၊ B600 နဲ့ Familia အမျိုအစားယာဉ်များကို ဇူလိုင်လ ၁၂ ရက်တွင် ဖျက်သိမ်းအပ်နှံဆောင် ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် Mazda အုပ်စုမှ ယာဉ်အမျိုးအစားအားလုံးကို ယနေ့မှစတင်၍ လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

REF: Automobile Journal

0 comments: