Friday, August 02, 2013
0




၂၀၁၃ ခုနှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်း လိုင်းသစ်သုံးခု မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ယင်းလေကြောင်း လိုင်းများမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေပြု ပြေးဆွဲလျက် ရှိသော Nok Air လေကြောင်းလိုင်းနှင့် Business Air လေကြောင်းလိုင်း၊ စင်ကာပူနိုင်ငံ အခြေပြု ပြေးဆွဲနေသောTiger Air လေကြောင်းလိုင်းတို့ ဖြစ်သည်။

အဆိုပါ လေကြောင်းလိုင်းများသည် ၂၀၁၃ ခုနှစ် ပွင့်လင်းရာသီ ကာလဖြစ်သော စက်တင်ဘာလဆန်းမှ စတင်ကာ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲနိုင်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူထံသို့ လာရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

''Nok Air၊ Business Air နဲ့ Tiger Airways စတဲ့ လေကြောင်းလိုင်း သုံးခုက လာမယ့်ပွင့်လင်းရာသီ ကစပြီး မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ခရီးစဉ် ပျံသန်းဖို့ လာပြောထားတာ ရှိပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင် ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကို ဆက်လက် တင်ပြရမယ့် အဆင့်တွေ ရှိပါသေးတယ်'' ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပလေ ကြောင်းလိုင်း ၂၂ လိုင်းရှိပြီး ပြည်တွင်း လေကြောင်းလိုင်း ခုနစ်လိုင်းရှိသည်။

၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲနေသော ပြည်ပလေကြောင်းလိုင်း ၁၅ လိုင်းသာရှိပြီး ၂၀၁၂ခုနှစ် ပွင့်လင်းရာသီမှစတင်ကာ ပြည်ပလေကြောင်းလိုင်း ခုနစ်လိုင်းမှ မြန်မာနိုင် ငံနှင့် တိုက်ရိုက် လေကြောင်းခရီးစဉ်များ စတင်ပျံသန်း ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံများမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တိုက်ရိုက် လေကြောင်းခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်းသက်ချိန်အား နေ့အချိန်တွင် ဆင်းသက်နိုင်ရန် ဦးစားပေး ညှိနှိုင်းသွားမည် ဖြစ်ပြီး လက်ရှိပျံသန်း လျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းကို ညအချိန်တွင်သာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းခြင်း မရှိသေးသည့် နိုင်ငံများ ဖြစ်သော အာဆီယံ နိုင်ငံများဖြစ်သည့် ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲရန် ညှိနှိုင်းမှုများ ရှိနေပြီး လက်ရှိခရီးစဉ်များ ပြေးဆွဲနေသည့် နိုင်ငံတကာ လေကြောင်းလိုင်း များ မှလည်း အခေါက်ရေ တိုးမြှင့်ပျံသန်းရန် ညှိနှိုင်းမှုများ ရှိနေသည်ဟု သိရသည်။

0 comments: