Wednesday, October 10, 2012
0

သီးခြားနိုင်ငံရေးပါတီတစ်ခု ထူထောင်သွားမည်မဟုတ်သည့် Generation Wave (GW)အဖွဲ့မှ  အသင်းဝင်များအနေဖြင့်   နိုင်ငံရေးတက်ကြွလှုပ်ရှားသူဘ၀မှ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းလိုပါက မည်သည့်ပါတီကိုမဆို လွတ်လပ်စွာကူးပြောင်းနိုင်ကြောင်း အဖွဲ့(၅)နှစ်ပြည့်အခမ်းအနားမှ သိရှိရသည်။
 
GW ကို စတင်တည်ထောင်ခဲ့သူ (၄)ဦးအနက်မှ တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်အမတ်ဦးဖြိုးဇေယျာသော် က အောက်တိုဘာလ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော(GW) အဖွဲ့၏ ငါးနှစ်ပြည့်အခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
ပြန်ပြီးလွတ်လာတဲ့အချိန်မှာ နိုင်ငံရေးကို တက်ကြွလှုပ်ရှားသူဆိုတဲ့နေရာကနေ နိုင်ငံရေးသမားအဖြစ် ကူးပြောင်း ဆောင်ရွက်ချင်တဲ့အတွက် ကျွန်တော်ပါတီတစ်ခုထဲကို ၀င်ရောက်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကလဲ အားလုံး သိပြီးသား ဖြစ်ပါတယ်။ GW အနေနဲ့ ပါတီတစ်ခုထူထောင်မှာ မဟုတ်သလို GW ရဲ့ Member တွေအနေ နဲ့ ဘယ်လို ပါတီမျိုးကိုမဆို နိုင်ငံရေးကို တက်ကြွတဲ့နိုင်ငံရေးလှုပ်ရှားသူဘ၀ကနေ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းချင်တဲ့သူမှန်သမျှ ဆက်လက်ပြီး ကူးပြောင်းနိုင်ခွင့်ရှိတဲ့ အသင်းအဖွဲ့ ဖြစ်ပါတယ်ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးဖြိုးဇေယျာသော် ကပြောသည်။

GW ကိုစတင်ထူထောင်ခဲ့သည့် ရည်ရွယ်ချက်မှာ နိုင်ငံရေးရာကိစ္စများကို လူငယ်များပီပီ တတ်နိုင်သည့်ဘက်၊ တတ်နိုင်သည့်ထောင့်များမှ ၀င်ရောက်ဖြည့်ဆည်းဆောင်ရွက်ချင်၍ နိုင်ငံရေးကို လုပ်ကိုင်ဆောင်ရွက်ချင်သော လူငယ်များစုပြီးထူထောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားတွင် ၎င်းကပြောကြားခဲ့သည်။
 
 “ပြောပြချင်တာကတော့ ကျွန်တော်တို့လိုမျိုးပဲ တစ်ခြားလူငယ်တွေလည်းပဲ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ အပေါ်မှာ လေးစားအားကျပြီးတော့မှ လှုပ်ရှားမှုအပေါ်မှာ ကျွန်တော်တို့တွေနဲ့ အတူတူ နိုင်ငံအရေး၊ တိုင်းပြည် အရေး၊ ကျွန်တော်တို့ရဲ့ လူငယ်အခွင့်အရေးတွေကို ကျွန်တော်တို့နဲ့အတူတူ လက်တွဲပြီးတော့မှ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်တဲ့ အချက်လည်းပါပါတယ်။ အဲဒီ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့တွေရဲ့ ငါးနှစ်ပြည့်မြောက် မွေးနေ့ကိုလည်း ကျင်းပရခြင်းဖြစ်ပါတယ်ဟု GW တွင် အထွေထွေအတွင်းရေးမှူးအဖြစ်ဆောင်ရွက်နေသူ ကိုဘိုဘိုကပြောသည်။
 
 GW အဖွဲ့အား ၂၀၀၇ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့တွင် ကိုမင်းရန်နိုင်၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်ဇေဖြိုးနှင့် ကိုမိုဃ်းသွေးတို့(၄)ဦးမှ စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်ပေါင်း(၅၀) နီးပါးရှိပြီဖြစ်သည်။

စစခြင်းထူထောင်ခဲ့တုန်းက ဘယ်သူဥက္ကဌရယ် ဘာရယ်ဆိုတာမရှိပါဘူး။ ဒီလိုပဲအတူတူလုပ်ခဲ့ကြတာပါ။ အခုလက်ရှိမှာတော့ အဖွဲ့ဥက္ကဌအဖြစ်ကို ကိုမင်းရန်နိုင်က တာဝန်ယူထားပါတယ်။ နယ်ရောရန်ကုန်မှာရောဆိုရင် အဖွဲ့ဝင်(၅၀)၀န်းကျင်လောက် ရှိနေပါပြီဟု ကိုမိုဃ်းသွေးက ရှင်းပြသည်။
 
အဆိုပါ GW ငါးနှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားသို့ အဖွဲ့ဝင်များ နိုင်ငံရေးပါတီဝင်များ၊ (၈၈)မျိုးဆက်ကျောင်းသား များ တက်ရောက်ခဲ့ကြပြီး မွေးနေ့ပွဲအား ပျော်ရွှင်စွာကျင်ပခဲ့ကြသည်။

0 comments: