Wednesday, August 14, 2013
0


အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အငြင်းပွားနေသည့် မဏိပူရပြည်နယ် အတွင်းရှိ နယ်စပ်မျဉ်း များ ပိုင်နက်နယ်နိမိတ် သတ်မှတ်မှုကို ပြန်လည်စိစစ်ရန် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အစိုးရက ကော် မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း မဏိပူရ အခြေစိုက် လွတ်လပ်သည့် အင်ဖာ သတင်းဌာနတွင် ဖော်ပြ ထားသည်။

မဏိပူရပြည်နယ် နယ်စပ်မျဉ်းတစ်လျှောက် နယ်စပ်ရေးရာ ကိစ္စများ စောင့်ကြည့် လေ့လာရေးအတွက် အဆိုပါ ကော်မတီကို ဖွဲ့စည်းရန် သြဂုတ်လ ၁၂ ရက်နေ့က ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတွင် သဘောတူခဲ့ပြီး အဆင့်မြင့် အရာရှိကြီးများ ပါဝင်မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ မဏိပူရ ပြည်နယ် ပညာရေး ဝန်ကြီး Mr. M Okendro က ပြောကြားထားကြောင်း အဆိုပါ သတင်းဌာန ၏ ဖော်ပြချက် အရ သိရှိရသည်။

မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်း တစ်လျှောက် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယဘက်မှ နယ်မြေ ကျူးကျော် သတ်မှတ်မှုများ ရှိနေပြီး အချိန်ကာလ ကြာမြင့်သည်နှင့် ပိုမို ဆိုးရွားလာကြောင်း နယ်စပ် စည်းမျဉ်းများ ပြန်လည် တိုင်းတာရန် လွှတ်တော်တွင် တိုက်တွန်းခဲ့သည့် မာန်အောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်က ပြောကြားသည်။

“၁၉၇၂-၇၄ မှာ တပ်တာဝန်နဲ့ ကလေး-တမူးဘက်မှာ တာဝန်ကျတော့ မြန်မာ့ပိုင်နက်ထဲမှာရှိတဲ့ ကားလမ်း က ၂၀၀၄ ခုနှစ် ပြန်ရောက်တဲ့အချိန်မှာ အိန္ဒိယဘက်ကို ရောက်နေတယ်။ အဲဒီက တာဝန်ရှိသူတွေ ကို မေးတော့ အထက်ကိုတင်ပြထားတယ် ဆိုပြီး ခုထိဒီအတိုင်းပဲ ရှိနေသေးတယ်” ဟု ဦးအောင်စိန်က ရှင်းပြသည်။

ထို့အပြင် နယ်နိမိတ်စည်းမျဉ်း သတ်မှတ် ကျောက်တိုင်များကို မြန်မာ့ပိုင်နက်အတွင်းသို့ ရွှေ့ပြောင်း စိုက်ထူ ပြီး ယင်း ကျောက်တိုင်များ အနီး ကျေးရွာများ အခိုင်အမာတည်ဆောက်လျက် ရှိကြောင်း ၎င်းက ဆို သည်။

မဏိပူရပြည်နယ် အတွင်းရှိ နယ်နိမိတ် စည်းမျဉ်း သတ်မှတ် ကျောက်တိုင်ကိုးခုမှာ နှစ်နိုင်ငံ ပိုင်နက် အငြင်း ပွားမှု ညှိနှိုင်းဆဲ ဖြစ်၍ စိုက်ထူရခြင်း မရှိသေးဘဲ နယ်နိမိတ် သတ်မှတ်မှုကို ပြန်လည် စိစစ်ပေးရန် ပြည် နယ် ဝန်ကြီးချုပ် Mr. Okram Ibobi Singh က ဗဟိုအစိုးရ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းထံ စာရေး သား တောင်းဆိုထားကြောင်း အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ဒေသ ပိုင်ဆိုင်မှု အငြင်းပွားသည့် ကိစ္စရပ် များမှာ ကမ္ဘာအနှံ့အပြားတွင် ရှိကြောင်း အစိုးရသစ် လက်ထက်တွင် နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇူလိုင်လအတွင်း ပြော ကြားထားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်နိမိတ်မှာ ၁၆၄၃ ကီလိုမီတာ ထိစပ်လျက် ရှိပြီး မဏိပူရပြည်နယ်တွင် နယ်နိမိတ် ထိစပ်နေမှု ၃၉၈ ကီလိုမီတာ တည်ရှိသည်။




0 comments: