Wednesday, August 14, 2013
0



တော်လှန်ရေးတစ်ခု ဖြစ်လာတိုင်းမှာ ရန်သူအတိုက်အခံကို လျှော့တွက်လို့ မရနိုင်ဘူး။ တော်လှန်ရေး ဆို တာ ကျူးကျော်တိုက်ခိုက်မှု၊ မတော်မတရား ရန်ရှာမှုမျိုး မဟုတ်ပါ။ ကျူးကျော် စော်ကားခံရခြင်းကို ခုခံမှု၊ မတရားပြုကျင့်ခံရမှုကို တော်လှန်မှုသာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးရဲ့ ရန်သူ၊ တော်လှန်ရေးရဲ့ အ တိုက်အခံတွေဟာ မတရားပြုကျင့်မှုကို အမှန်သတ်မှတ်ကာ- ညစ်ပတ်ကောက်ကျစ်တဲ့ နည်းလမ်းအားလုံး ကို တရားသည် မတရားသည်မရှိ အသုံးပြုတတ်ပါတယ်။ ဒါတွေကို တော်လှန်ရေး သမားတွေက ပါးနပ် လိမ်မာစွာ ဖြေရှင်းနိုင်ဘို့ လိုသလို-၊ တော်လှန်ရေးကို ထောက်ခံ နေတဲ့ လူထုကြားမှာလည်း ပညာပေးတွေ ပြုလုပ်ရပါမယ်။ စည်းကမ်း တွေလည်း သတ်မှတ်ထားဘို့လိုပါတယ်။ နို့မဟုတ်ရင် ရန်သူ ရဲ့ ထောင်ချောက်ထဲကို ၀င်သွားပြီး တော်လှန်ရေး ကျဆုံးလေ့ ရှိတတ် ပါတယ်။

မြန်မာ မွတ်ဆလင်အွမ္မတ်ဟာ လောလောဆယ်မှာ တန်းတူညီမျှအခွင့်အရေး ရရှိစေဘို့ တော်လှန်ရေး ထဲမှာရှိနေတယ်ဆိုတဲ့ အချက်ကိုလူတိုင်း သတိရနေဘို့ လိုအပ်ပါတယ်။ အာဏာပိုင်များနဲ့ ပြေလည် သူ ဖြစ်စေ၊ မပြေလည်သူ ဖြစ်စေ၊ အရပ်သား ဖြစ်စေ၊ ၀န်ထမ်း ဖြစ်စေ- သူဟာ အစ္စလာမ်ခေါင်း စဉ် အောက်မှာရှိနေရင် တန်းတူညီမျှ အခွင့်အရေး တော်လှန်ရေးထဲမှာ ပါဝင်နေသူ ဖြစ်နေပါ တယ်။ ကိုယ့် ဘက်က တော်လှန်ရေးသမားလို့ မိမိကိုယ်မိမိမခံယူရင်လည်း အတိုက်အခံဘက်က၊ ရန်သူ့ဘက်က သတ်မှတ်ပြီး ဖြစ်နေပါတယ်။

ရန်သူ သို့မဟုတ် အတိုက်အခံရဲ့ သဘောမှာ- မိမိကအားသာနေချိန်မှာ အင်အားမရှိတဲ့ ပြိုင်ဘက်ကို အကြီး အကျယ် မစဉ်းထားပေမယ့်-၊ မိမိက အားလျှော့လာတဲ့အချိန်မှာ သို့မဟုတ် အတိုက်အခံဘက်က အင် အား တောင့်တင်းလာတဲ့ အချိန်မှာ အတိုက်အခံကို ဖြိုခွဲမယ့်နည်းလမ်းအားလုံးကို သုံးလေ့ရှိပါတယ်။ ဒီအခြေအနေမှာ အထူးသဖြင့် သွေးခွဲတဲ့နည်းကို သုံးလေ့ရှိပါတယ်။ သို့မဟုတ် အတိုက်အခံအတွင်း လူမွေး တဲ့နည်းကို သုံးလေ့ရှိပါတယ်။ ဥပမာ- ကရင့်တော်လှန်ရေး အားကောင်းနေချိန်မှာ ကရင်ထဲက DKBA ကို ခွဲထုတ်လိုက်ပြီး ကရင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်စေတဲ့နည်းကို သုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ကရင်ထဲ ကို ဗမာ သို့မဟုတ် မွန် လူမျိုးများ ထည့်ထားပြီး ခွဲခဲ့ခြင်းမဟုတ်ပါ။ ကရင်- ကရင်ချင်း ယုံကြည်စိတ်ချပြီး ကရင်လူမျိုးကိုပဲ အချိန်ယူမွေးမြူခဲ့ပြီး မတူညီမှု အားနည်းမှု တစ်ချို့ကို ပုံကြီးချဲ့အပြစ်မြင် တတ်အောင်ေ သွးထိုးလေ့ကျင့်ပေးခဲ့တယ်။ ဒီလိုသွေးထိုး လေ့ကျင့်ပေးမှု ဒီဂရီစံချိန် ပြည့်ပြီဆိုတာနဲ့ အချင်းချင်းကြား ပြ သနာပေါ်အောင် ဖန်တီးပေးလိုက်ပြီး ဗုံးခွဲသလိုခွဲပေး လိုက်ပါ တယ်။

အခုလည်း မြန်မာမွတ်ဆလင် အွမ္မတ်ကြားမှာ ဒီနည်းကို မသုံးဘူးလို့ မပြောနိုင်ပါ။ သူတို့သုံးမယ့် နည်းလမ်း အားလုံးကို ကြိုသိပြီး ဖြစ်နေတဲ့ ကျွန်တော်တို့ တော်လှန်ရေးကို မထိခိုက် နိုင်ပေမယ့်-၊ လူထုကြားမှာ အချင်းချင်း အမြင်လွဲပြီး အသုံးခံရသူများဟာ အသိုင်းအ၀ိုင်းထဲမှာ မျိုးစဉ်မျိုးဆက် မျက်နှာ မပြရဲ ဖြစ်သွား မှာကို စိုးရိမ် မိပါတယ်။ ဒီအတွက်- မြန်မာ မွတ်ဆလင် အွမ္မတ်ထုကို ကျွန်တော်တို့ အနေနဲ့ အနည်းငယ် အကြံပေးလိုပါ တယ်။

(၁) အယူအဆ မတူညီတဲ့ အုပ်စု တွေကြား အချင်းချင်း ရန်တိုက် တတ်ပါတယ်။ ဥပမာ- ၅၉ လမ်း သုတေ သီများ နဲ့ အိုလ်မာ သာသနာ့ ပညာရှင်များ အဖွဲ့အကြားအချင်းချင်း ပဋိပက္ခ ဖြစ်ဘို့ ဖန်တီး ပေးနိုင် ပါ တယ်။ ဒါကိုအသင်းအုပ်စုကို ဦးဆောင် နေသူများ ကြီးစွာသတိပြု ရပါမယ်။ ပဋိပက္ခ မဖြစ်အောင် ရှောင် ကြဉ်မယ့် နည်းလမ်းက အသင်းအုပ်စုတိုင်းမှာ တိကျတဲ့မူရှိရမှာ ဖြစ်ပြီး- ကြေငြာချက်ထုတ်ပြန်တဲ့အခါ၊ သို့မဟုတ် စကား ပြောတဲ့ အခါ ကျွန်တော်တို့ အဖွဲ့ရဲ့ မူအရ ဒီကိစ္စကို ဒီလိုဆုံးဖြတ်တယ်လို့ပဲ ပြောဆို ရပါ မယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူစကား ပြောခြင်းအပေါ် နောက်အဖွဲ့က ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်ပါ။ သို့သော် မိမိနဲ့အယူအဆမတူသူကို မှားယွင်းကြောင်း လုံးဝမပြောသင့်ပါ။ ဒါဟာ လူ့ယဉ်ကျေးမှု ဖြစ်ပါ တယ်။ လူ့ယဉ်ကျေးမှုကို ကျူးလွန် ဖေါက်ဖျက်သူ တစ်ဦးတစ်ယောက်ချင်းဟာ လူ့အသင်းအဖွဲ့ကို သွေး ခွဲသူ ဖြစ်ကြောင်း ပညာပေးတွေ ပြုလုပ်ရမှာ ဖြစ်ပါ တယ်။

ဥပမာ- လ မြင်ခြင်း မမြင်ခြင်း ကိစ္စ-၊ ဒီကိစ္စကို နှစ်စဉ် ငြင်းနေကြ ပါတယ်။ တစ်ကယ်တော့ ငြင်းနေစရာ မလို တော့တဲ့ ခေတ်ကာလပါ။ ကျွန်ုပ်တို့ သုတေသီများအဖွဲ့က ဘယ်နေ့မှာစတင် ဥပုသ် စောင့်မယ်၊ ဘယ်နေ့မှာ ၀ါကျွတ်ပွဲ လုပ်မယ်-၊ ကြေငြာ နိုင်သလို၊ အစ္စလာမ့်သာသနာရှင်များအဖွဲ့ကလည်း ကိုယ့်မူနဲ့ ကိုယ် ဘယ်နေ့မှာ ဥပုသ် စောင့်မယ်၊ ဘယ်နေ့မှာ ၀ါကျွတ်ပွဲ ကျင်းပမယ် ကြေငြာ နိုင်ပါတယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ ယတိပြတ်ရပ်တည်မှုကို သူမှန်တယ်ငါမှန်တယ် ပြောနေဘို့ကိုမလိုတော့ပါ။ လူထုအနေနဲ့ အားသန် ရာ အသင်းအဖွဲ့ကို လိုက်နာပြီး ကျင့်ဆောင်ကြပါစေ-။ သူ့အုပ်စုကို လိုက်နာတဲ့သူများလို့ ငါ့အုပ်စုကို လိုက်နာသူမရှိလို့ ဆိုပြီး အချင်းချင်း ရန်ဖြစ်နေဘို့ကို မလိုပါ။ ကိုယ်အဖွဲ့က ချမှတ်တဲ့မူကို ကိုယ်ယုံကြည်ရင် လူထုကို သူ့ဘက်ပါစေ၊ ငါ့ဘက်ပါစေ လုနေဘို့ကို မလိုအပ်တော့ပါ။ လ မြင်မမြင် ငြင်းလို့ အီမန် ပျက် သွားခြင်းမရှိပါ။ (အကယ်၍ လ မြင်မမြင် ငြင်းလို့ အီမန် ပျက်ရမယ် ဆိုရင် မြန်မာတစ်ပြည်လုံးမှာ နှစ်စဉ် အီမန် ပျက်သူပေါင်း သန်းချီ ရှိနေပါ လိမ့်မယ်။- ခဏ ငြင်းပြီး နောက်နေ့ ပြန်တည့် သွားတာချည်း ဖြစ်နေ ပါတယ်။) တနည်းအားဖြင့် မြန်မာမွတ်ဆလင် အွမ္မတ်ကြားထဲက အငြင်းများဟာ ရာသီပေါ်ခဏ အငြင်းပွား မှုများသာ ဖြစ်တာ များပါတယ်။

အကြောင်းကိစ္စတစ်ခုတိုင်းမှာ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူရှိနေရင် လူထုကလည်း အားသန်တဲ့မူကို လိုက်နာ လာပါ လိမ့်မယ်။ သူမှန်တယ်ငါမှန်တယ်ဆိုတဲ့ အငြင်းပွား နေရင် အွမ္မတ် ညီညွတ်ဘို့ လမ်းစ ပျောက်ဆုံး နိုင်ပါ တယ်။ သူ့မူကိုယ့်မူရှိနေရင် အနည်းဆုံး မဟာမိတ်ဖွဲ့ထား နိုင်ပါတယ်။ တစ်ကယ်တော့ ၅၉ လမ်းကို ဗလီကို ဖျက်ခံရရင်လည်း အစ္စလာမ့်သာသနာကို စော်ကားခံရတာ ဖြစ်သလို၊ တစ်ခြမ်းပဲ့ ဗလီကိုဖျက်ခံရရင် လည်း အစ္စလာမ် သာသနာကို စော်ကားခံရတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ခံစားနားလည် နိုင်ဘို့ လိုပါ တယ်။

(၂) လူမျိုးနွယ် ကိစ္စ-၊ ရန်သူ့ ဘက်က မြန်မာ မွတ်ဆလင် အွမ္မတ်ကြားမှာ အဓိကပစ်မှတ်ထားနိုင် တာက ရိုဟင်ဂျာနဲ့ မြန်မာမွတ်ဆလင် နှစ်ခုကြားမှာ သွေးခွဲ နိုင်ပါတယ်။ လူမျိုးတိုင်းမှာ လူဆိုးလူယုတ် အတ္တကြီးသူ ဆိုတာ ရှိနေတယ်ဆိုတဲ့ အချက်ကို ရန်သူတွေက ကောင်းကောင်း သိထားပါတယ်။ ဒါကို အားနည်းချက် အဖြစ် ကိုင်တွယ်လာမှာ သေချာပါတယ်။ ဈေးရောင်းသူ ရိုဟင်ဂျာတစ်ယောက်ကို သူ့ရဲ့ ဆက်ဆံရေး မပြေ လည် မှုကြောင့်- သို့မဟုတ် သူ့ကိုပုဂ္ဂိုလ်ရေး မကျေနပ်လို့ဆိုတာကစတာများပါတယ်။ အဲ့လို မကျေမ နပ် ဖြစ်မိတိုင်းမှာ သူဆိုတဲ့ လူတစ်ယောက်ကို တိုက်ရိုက် ပြောဆိုပါ။ သူ့လူမျိုး ဆိုတဲ့ စကားလုံးကို ကိုင်ပြီး မသုံးမိ အောင် မြန်မာမွတ်ဆလင် အွမ္မတ်သားအားလုံး ဆင်ခြင်ရပါမယ်။ သူတစ်ယောက် လိမ္မာခြင်း မလိမ္မာခြင်းဟာ သူတစ်ယောက်နဲ့သက်ဆိုင်ပြီး သူ့လူမျိုးတစ်ခုလုံးနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အသိကို အွမ္မတ်သား တစ်ဦးချင်းမှာ သတိရနေစေဘို့ လိုပါတယ်။ ရိုဟင်ဂျာများကို ဘင်္ဂလီလို့ ပြောဆိုခြင်းဟာ ရန်သူ့ အကြိုက်လိုက် ပြောခြင်း ဖြစ်ပြီး မြန်မာမွတ်ဆလင်များကို ဇေရ်ဘာတီလို့ ပြောဆိုခြင်းဟာလည်း ရန်သူ့အကြိုက်လိုက်ပြောခြင်း ဖြစ်ကြောင်း ဆင်ခြင်စေလိုပါတယ်။ ရန်သူ့အကြိုက်လိုက်ပြော တစ်ဦးချင်း ဟာ အွမ္မတ်ကိုသစ္စာဖေါက်သူများသာ ဖြစ်ပါတယ်။ (ဘယ်သူ သစ္စာ ဖေါက်ဖေါက် ကျွန်တော် တို့ရဲ့ တော် လှန်ရေးကို မထိခိုက်ပါ။ ကျွန်တော်တို့မှာ မြန်မာ ပြည်တွင်းနေမွတ်ဆလင်တစ်ဦးချင်းအတွက် တန်းတူ ညီ မျှ အခွင့်အရေးရစေဘို့ နည်းလမ်း ပေါင်းစုံ စီမံချက်တွေ ရှိပါတယ်။ စီမံချက်ကို အကောင်အထည် ဖေါ်ဘို့ အင်အားတွေ ရှိပါတယ်။)

(၃) ခေါင်းဆောင်များကို လုပ်ကြံခြင်း-၊ အတိုက်အခံများ ရန်သူများဟာ မိမိကဖိနှိပ်ထားတဲ့ အုပ်စုကို ဖိနှိပ် လို့ မရနိုင်တော့တဲ့အခါမှာ-၊ အဲ့ဒီဖိနှိပ်ခံတော်လှန်ရေး အင်အားစုထဲက ခေါင်းဆောင်များကို လုပ်ကြံ လေ့ ရှိပါတယ်။

ပထမဆုံး အနေနဲ့ အွမ္မတ်ထဲက ခေါင်းဆောင်များကို လုပ်ပိုင်ခွင့်တွေ ပိတ်ထားပြီး- အခြား တစ်ဘက်မှာ လူထုကို ခေါင်းဆောင်တွေက ဘာမှလုပ်မပေး နိုင်ဘူးလို့ ထင်မြင်ခံစားအောင် သွေးထိုး ပေးတာတွေကို စတင်ပြုလုပ်ပါတယ်။ ဒါဟာ ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှုကင်းမဲ့ သွားအောင် ပြုလုပ်နည်း ပါ ။ ခေါင်းဆောင်မဲ့နေတဲ့ လူထုကို အလွယ် တစ်ကူ ဖိနှိပ်ထားလို့ ရအောင် ပြုလုပ်ခြင်းလို့ ခေါ်ပါတယ်။

ဒီကြားထဲမှာ ထိုးဖေါက်လာတဲ့ ခေါင်းဆောင်များရဲ့ အသက်ကို လုပ်ကြံသတ်ဖြတ်မှု အဆင့် ဖြစ်လာပါတယ် ။ ဒီအခြေအနေကို ခေါင်းဆောင်တွေ မကြုံရဘူးလို့ မပြောနိုင်ပါ။ ပြည်ပရောက် ခေါင်းဆောင်များလည်း အချိန်မရွေး ကြုံရ နိုင်ပါတယ်။ ချေချင်းညာ အမျိုးသား ခေါင်းဆောင် ယန်ဗေဒါယက်ဗ်ကို လုပ်ကြံ လိုက် တာ ပြည်ပမွတ်ဆလင် နိုင်ငံတစ်ခုမှာပါ။ အလားတူပါလက်စတိုင်း ခေါင်းဆောင် တွေကို လုပ်ကြံ တာ လည်း ပြည်ပမှာချည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင် တစ်ဦးဟာ အကယ်၍ ငါ့ကို သတ်လိုက် ရင် တော်လှန်ရေးကို ဘယ်သူဆက်လုပ် မလဲဆိုတဲ့ အရည်အချင်းတူ ခေါင်းဆောင်များကို လက်ဆင့် ကမ်းထားဘို့ လိုပါတယ်။ ငါ- ဥက္ကဌ ဖြစ်မယ်၊ ငါ- မဟာ ခေါင်းဆောင်ကြီး ဖြစ်မယ်ဆိုတဲ့ စိတ်ကူးထက် ငါ- ဟာ အချိန်မရွေး ရှဟီးဒီ ဖြစ်မယ်ဆိုတဲ့ အသိကို နှလုံးပိုက်ထားဘို့လိုပါတယ်။ ဒါမှ မိမိဦးဆောင် လှုပ်ရှားတဲ့ လူထု တစ်ရပ် လွတ်မြောက် နိုင်မှာပါ။ ဒီအတွက် ကျွန်တော်တို့ ပြည်ပမှာ လှုပ်ရှားနေတဲ့ Civil Rights Movementကတော့ အဆင်သင့် ပြင်ဆင်ထားပါတယ်။ ကျွန်တော့ကို သတ်လိုက်ရင်လည်း ရထားခေါင်း တွဲ ပြတ်သွားဘို့ လုံးဝမရှိပါ။ ကျွန်တော့ထက်ထက်တဲ့ လူ၊ ထိုးဖေါက် နိုင်တဲ့ လူများကို အသင့်ပြင် ပြီး ဖြစ်နေပါတယ်။

ပြည်ပ အခြေအနေနဲ့ ခေါင်းဆောင်မှု ကဏ္ဍကို ဆက်လက် တင်ပြပေး ပါမယ်။- လောလော ဆယ် ပြည် တွင်းနေ အွမ္မတ်သားတွေအနေနဲ့ အွမ္မတ်အပေါ်သစ္စာရှိပါ။ မိမိရဲ့ အားမလိုအားမရ မှု များကြောင့် ခေါင်းဆောင်များကို မငြိုငြင်မိအောင် ဆင်ခြင်ပါ။ မိမိရဲ့ စကားတစ်ခွန်းကြောင့် အွမ္မတ် ကြား သွေးခွဲ သလို ဖြစ်သွား လေမလားလို့ သောက ထားပါ လို့ မေတ္တာ ရပ်ခံလို ပါတယ်။

လူတွေ ညီတဲ့အခါ ကုန်းပေါ်မှာ လှေ စီးလို့ ရပါတယ်။ လူမညီရင် ရေထဲမှာလည်း လှေ နစ်မြုပ်လေ့ ရှိပါတယ်။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement


0 comments: